မိုးဝသာန် ( သရုပ်ဖော်စာစီစာကုံး၊ ကျောင်းတစ်ကျောင်းကပေးထားသည့် ပုံကြမ်း)
မိုးဝသာန်
( သရုပ်ဖော်စာစီစာကုံး၊ ကျောင်းတစ်ကျောင်းကပေးထားသည့် ပုံကြမ်း)
_မိုးရာသီရောက်လာပုံ
_ မိုးရွာခါနီးအခြေအနေ
_ သစ်ပင်၊ မြစ်ချောင်း၊ လယ်ယာရှုခင်း၊ ပန်းများ
_ မိုးရာသီပွဲလမ်းသဘင်များ
_ မိုးရာသီကုန်ဆုံးပုံနှင့်ကြည်နူးရပုံ
၁ (နိဒါန်း)▫️အပူဒဏ်လျော့ပါးသွားချေပြီ။ ရေခိုးရေငွေ့များသည် ကောင်းကင်သို့ လွင့်တက်သွားပြီး စုဖွဲ့မိကြပြီ။မိုးသားတိမ်လိပ်တို့သည် ကောင်းကင်တွင် အုံ့ဆိုင်းမှုံမှိုင်းလျက် တစ်မိုးလုံးအိပြိုကျမတတ် ဖြစ်တတ်သည်။ တစ်ခါတရံ၌မူ အပြာရောင်နောက်ခံ မိုးကောင်းကင်တွင် တိမ်တို့သည် အရောင်အသွေးမျိုးစုံ၊ အသွင်သဏ္ဍာန်မျိုးစုံဖြင့် မိုးပန်းချီအလှ ခြယ်သနေကြပေပြီ။ တခြိုးခြိုးတခြိမ့်ခြိမ့် မိုးထစ်ချုန်းသံများကိုလည်းကြားရတတ်သည်။ မည်းမှောင်သောတိမ်တိုက်တို့ကို ထိုးခွဲ၍ ထွက်လာသော လျှပ်ပန်းလျှပ်နွယ်များကိုလည်း တွေ့မြင်ရတတ်သည်။ တစ်နွေကုန်ဆုံးလျှင် တစ်မိုးရောက်လာမည်မှာ လောကဓမ္မတာဖြစ်ပေသည်။ မိုးရာသီသည် ဩကာသလောကဇာတ်ခုံတွင် မိုးသရုပ်ကို ဖော်ထုတ်ကပြနေပေပြီ။ အပူဒဏ်ကြောင့် မောပန်းနွမ်းလျနေရသည့် လူသားများ၊ခြောက်သယောင်းနေသောသစ်ပင်များ၊ ခန်းခြောက်နေသော ရေတွင်းရေကန်များသည် အသွင်သစ်ဖြင့် လောကကိုအလှဆင်နိုင်ရန် မိုးရာသီသည် ဤမြေကမ္ဘာသို့ ရောက်ရှိလာခဲ့ချေပြီ။
▫️မိုးရာသီတွင် ယေဘုယျအားဖြင့် မိုးရွာခါနီးအခြေအနေသည် အလှဆုံးဖြစ်သည်။ မိုးရွာခါနီးတွင်တောင်လေများတရှုန်းရှုန်းတိုက်ခတ်တတ်သည်။ မိုးရွာခါနီးတွင် မိုးတိမ်များသည် စုဖွဲ့မိကြပြီး ထုထည်ကြီးမားလာတတ်သည်။ အများအားဖြင့် မိုးတိမ်တို့ ဖုံးလွှမ်းနေသောကြောင့် နေလုံးကို မမြင်ရတော့ဘဲ အရပ်ရှစ်မျက်နှာသည် အုံ့ဆိုင်းမှုံမှိုင်းနေတတ်သည်။ ငှက်ကလေးများသည် မိုးရွာမည့်အခြေအနေကို သူတို့၏ဘာဝအသိဖြင့် သိရှိပြီး မိုးခိုရန် နေရာရှာလျက် သည်မှထိုသို့ ပျံသန်းနေတတ်သည်။ မိုးကို မျှော်နေသော တောင်သူကြီးများသည်လည်း လယ်ယာလုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်လျက်ရှိသည်။ တချို့ကလေးငယ်များသည် "မိုးရွာရင် မိုးရေချိုးမယ်" ဟူသော သီချင်းကို ဆို၍ မိုးရေချိုးရန် တာဆူလျက်ရှိလေသည်။ မိုးရွာခါနီး အခြေအနေသည် သဘာဝအလှပန်းချီဖြစ်သလို သက်ရှိလူသားတို့ကိုလည်း ပျော်ရွှင်စေပါသည်။
၃▫️သစ်ပင်၊ မြစ်ချောင်း၊ လယ်ယာရှုခင်း၊ မိုးပန်းလေးများသည် မိုးရာသီပန်းချီကား၏ လှပသောစုပ်ချက်များဖြစ်ပါသည်။အရိုးပြိုင်းပြိုင်းထ၍ အကျည်းတန်ခဲ့သော သစ်ပင်များသည် သစ်လွင်စိမ်းစိုသော အရွက်အကိုင်းတို့ဖြင့် တန်ဆာဆင်လျက် ဝေဆာလှပါနေပါသည်။ မြစ်ချောင်းတို့တွင် ရေများပြည့်လျှံရှိသည်။ တစ်ခါတရံ လှိုင်းတံပိုးများပင် ထတတ်ပေသည်။ မြစ်ရှုခင်း၊ ချောင်းရှုခင်းများသည် မိုးရာသီတွင် ပို၍ သာယာလှပပါသည်။ မိုးရာသီ ရှုခင်းရှုကွက်များအနက် လယ်ယာရှုခင်းများသည် အလှဆုံးဖြစ်ပါသည်။ လယ်များ၊ယာခင်းများတွင် သီးနှံမျိုးစုံတို့သည် ငယ်ရာမှကြီး၊ ဖူးရာမှပွင့်၊ ပွင့်ရာမှသီး၍ အသွင်သဏ္ဍာန်စုံ၊
အရောင်အသွေးစုံဖြင့် မိုးပန်းချီကို အလှခြယ်ပေးနေပါသည်။ လယ်ယာများတွင် တက်ကြွပျော်ရွှင်စွာ အလုပ်လုပ်နေကြသောတောင်သူလယ်သမားကြီးများ၏ လုပ်အားအလှသည်လည်း မိုးရာသီ၏ လှပမှုတစ်ရပ်ပင် မဟုတ်ပါလော။ ထို့ပြင် ခတ္တာ၊ စိန်ပန်း၊ စံပယ်စသော မိုးပန်းလေးများသည်လည်း ဖူးလျက်၊ပွင့်လျက်၊မွှေးရနံ့ပေးလျက် လောကကို အလှဆင်နေကြပါသည်။
၄▫️မြန်မာနိုင်ငံ၌ နွေ၊မိုး၊ဆောင်း သုံးရာသီစလုံး၌ ပွဲလမ်းသဘင်များရှိရာ မိုးရာသီတွင် ကျင်းပသော ပွဲလမ်းသဘင်များမှာလည်း ပျော်စရာကောင်းပါသည်။ နယုန်လတွင် စာပြန်ပွဲကိုကျင်းပပါသည်။ ထိုပွဲတွင် သံဃာတော်များသည် မိမိတို့ကျက်မှတ်ပြီးသော ဗုဒ္ဓအဆုံးအမစာများကို အလွတ်ပြန်ဆိုကြရပါသည်။ ဝါဆိုလတွင် သံဃာတော်များဝါဆိုဝါကပ်ကြရာ ဝါဆိုပွဲကို ကျင်းပပါသည်။ ကျေးလက်ဒေသအချို့တွင် လူအများက ဝါဆိုပွဲတွင် ကပ်လှူရန် တောပန်းတောင်ပန်းကလေးများကို လူအုပ်စုလိုက် ခူးယူကြသည်မှာ ပျော်ရွှင်ကြည်နူးစရာပင်ဖြစ်ပါသည်။မြို့တကာနယ်တကာတွင် မိသားစုအလိုက်၊ကျောင်းအလိုက်၊ ရုံးအလိုက် ဝါဆိုသင်္ကန်းကပ်လှူကြရသည်မှာလည်း ကုသိုလ်လည်းရသလို ပျော်ရွှင်ကြည်နူးစရာလည်းကောင်းပါသည်။ ဝါခေါင်လတွင် သံဃာတော်များအား အပ်စပ်သောလှူဖွယ်ပစ္စည်းများကို မဲဖောက်၍လှူဒါန်းသည် စာရေးတံမဲပွဲတော်ကို ကျင်းပကြပါသည်။ မိုးနှောင်းကာလဖြစ်သော တော်သလင်းလတွင် မြစ်ဘေးချောင်းဘေးရှိ မြို့ရွာများ၌ လှေပြိုင်ပွဲကို ကျင်းပကြပါသည်။ အုပ်စုခွဲ၍ ပြိုင်ဆိုင်လှော်ခတ်နေကြသော လှေပြိုင်ပွဲဝင်များကို အားပေးကြသည့် ပရိသတ်များမှာ ကမ်းလုံးပြည့်ပင် ဖြစ်ပါသည်။ ပြိုင်ပွဲဝင်းများကော ပရိသတ်များပါ ပျော်ရွှင်ရပြီး အားတက်ရသော ပွဲတော်ပင်ဖြစ်ပါသည်။
▫️မိုးရာသီသည် မိုးပုလဲပန်းလေးများ ကျဲပက်ဖြန်း၍ တောင်သူလယ်သမားများကို ပျော်ရွှင်စေခဲ့သည်။စပါး၊ ပြောင်း၊ နှမ်း၊ ပဲမျိုးစုံစသော သီးနှံများအထွက်တိုးအောင် စွမ်းဆောင်ပေးခဲ့သည်။ မိုးစက်မိုးပေါက်လေးများ သွန်ချ၍ မိုးရေထဲတွင်ဆော့ကစားလိုသောကလေးငယ်များ၏ဆန္ဒကိုလည်း ဖြည့်ဆည်းပေးခဲ့သည်။ မြစ်၊ချောင်း၊ဆည်၊ကန်များတွင် ရေဖြည့်၍ လူသားတို့ လိုအပ်သလို သုံးနိုင်အောင် ဖန်တီးပေးခဲ့သည်။ ခြောက်သွေ့နေသော တောတောင်တို့ကို စိမ်းလန်းစိုပြည်စေခဲ့သည်။ စိန်ပန်း၊ ပုန်းညက်၊ခတ္တာ၊ စံပယ်စသောမိုးပန်းလေးများကို ပွင့်စေ၍ လောကကို အလှဆင်ပေးခဲ့သည်။ အိမ်ဝရန်တာထွက်ကာ ကော်ဖီတစ်ခွက်သောက်ရင်း မိုးစက်လေးများကိုငေး၍ လွမ်းလိုဆွေးလိုသော လူသားများကိုလည်း လွမ်းလို့ဆွေးလို့ကောင်းအောင် စွမ်းဆောင်ပေးခဲ့ပေသည်။ မိုးရာသီသည် သူ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပြီး ဤမြေကမ္ဘာမှ ထွက်ခွာသွားချေပြီ။ မိုးရာသီသည် ဆောင်းနှင့်နွေကို အလှည့်ပေးလို၍ ရာသီစက်ဝန်းမှ ထွက်ခွာသွားသည်ဟုလည်း ဆိုနိုင်ပါသည်။။
Edit ဖြင့် ပြင်ဆင်ဖြည့်စွက်ပါဦးမည်။
Credit:ဆရာဦးသန်းလှိုင် - မြန်မာစာ
Comments
Post a Comment