အာဇာနည်နေ့ ကဗျာများ
#မြန်မာစာ #မမ
#ကဗျာများ
#စာစီစာကုံးများ
#အာဇာနည်နေ့ ကဗျာများ
တွေ့သောနေရာမှ ကူးယူသိမ်းဆည်းထားသော အာဇာနည်နေ့နှင့် ပတ်သတ်သောကဗျာများပါ။မူရင်းရေးသူများအားလုံး Creditပေးသည်။
ကျနော်ငယ်ငယ်တုံးကသင်ခဲ့ရတဲ့အကြိုက်ဆုံး ဗိုလ်ချုပ်ဂုဏ်ပြု ကဗျာ
ဖေဖော်ဝါရီ ၁၃မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေဦးဖာသား
ဇာတိနတ်မောက်မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား
၁၉၄၇ ပြောင်းကြွ တမလွန်
မျက်ရေသွန်လို့ ဘဝန်ငြှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား။
************************************************
ဗိုလ်ချုပ်အောင်ဆန်း (အတိတ်နှင့်ပစ္စုပ္ပန်)
မသိ၍ဆို ၊
မလို၍ပြော ။
သူ့စိတ်မှာ အလွန်ယဉ်လို့ ၊
သူ့ဥာဉ်မှာ အလွန်သန့်တယ် ၊
ထူးချွန့်သဘော ။
မသိ၍ထင် ၊
မမြင်၍ပြော ။
သူ့ဝိဥာဉ် မသေပျောက်ပါဘူး ၊
မိုးပေါက်လို အစဉ်ကြည်လို့ ၊
နေခြည်လို အစဉ်လန်းကာ ၊
ဖျန်းဆွတ်စိတ်စော ။ ။
(မင်းသုဝဏ် - ၁၉၆၄ ၊ ဇူလိုင် -၁၉)
*********************************************
၁၉ဇူလိုင်မျက်ရည်ဖြိုင်
မျက်ရည်ဖြိုင်တဲ့တို့တတွေ
ဗိုလ်ချုပ်ကိုသာမြင်ယောင်နေ
ဗိုလ်ချုပ်ဆိုတာဇာနည်သွေး
နိုင်ငံရေးကိုကာကွယ်ပေး
ဗိုလ်ချုပ်သတ္တိရဲစွမ်းတယ်
ပြည်သူတွေကိုကာကွယ်သတယ်
ကာကွယ်ပေးတဲ့တို့ဖခင်
တို့ရဲ့ကျေးဇူးရှင်
ကျေးဇူးရှင်ကိုမမေ့ဖို့
အားလုံးသတိရစို့
(စောလင်းလင်းဦး - စတုတ္ထတန်း)
**********************************************
အာရုဏ်ဦးက ကြယ်နီ
အာရုဏ်ဦးက ကြယ်နီဖြာ
ဗိုလ်ချုပ်အောင်ဆန်းပါ။
တို့ဗမာပြည် အမှောင်တွင်း
သူခေါင်းဆောင်လို့လင်း။
စိတ်ရင်းမှန်လို့ သစ္စတည်
ဗိုလ်ချုပ်အာဇာနည်
တို့ပြည်ကောင်းအောင် သူသယ်ပိုး
သူ့ဂုဏ် ဘယ်မညှိုး။
ရိုးသား ဖြောင့်မတ် သူ့မူရာ
ငယ်ငယ်ထဲကပါ။
ဗမာပြည်သူ့ အချစ်ပန်း
ဗိုလ်ချုပ် ဦးအောင်ဆန်း။
***************************************************
''' စာဖွဲ့လို့မကုန်နိုင်တဲ့ ၁၉ ဇူလိုင် ''''
ထိန်လင်းတဲ့
အေးဆေးရိုးသား
နတ်မောက်သား
အောင်ဆန်းတဲ့
တည်ကြည်ပြီး ဟန်မများတဲ့
တက္ကသိုလ်ကျောင်းသား
သခင်အောင်ဆန်းတဲ့
အမှန်တရားတွေအတွက် စံထားရတဲ့
နိုင်ငံရေးသမား
ဗိုလ်တေဇတဲ့
ရဲရင့်ပြတ်သား
ရန်သူတောင်လေးစားရတဲ့
တော်လှန်ရေးသမား
ဗိုလ်ချုပ်တဲ့
ဂုဏ်ဒြပ်တွေ အထပ်ထပ်နဲ့
တဖျတ်ဖျတ် လက်ခဲ့တဲ့ကြယ်စင်
ပြည်သူ့ရင်နှစ် ပြည်ချစ်သား
ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့
ထူးမြတ်ခြင်းအထွေထွေနဲ့
တို့တတွေရဲ.အသဲနှလုံး
ပျက်ကြေပြုန်း ခဲ့တဲ့ ဇူလိုင်
{ ၆၉ } နှစ်တိုင်ခဲ့ပြီ
ချိန်ရာသီ အလီလီပြောင်းပေမယ့်
ဂုဏ်သတင်းရနံ မွှေးပျံနေဆဲမို့
ဦးညွှတ်ရ အခါခါ
တမ်းတမိ စိတ်မှာအမြဲ
လွမ်းပါဘိ မျက်ရည်ဝဲ
{ Credit ; မာန်ထူးဟန် }
*************************************
* အာဇာနည်မျ ို း
သေရိုးမရှိ
* အတိတ်သမိုင်း
ပိတ်ဆိုင်းထားလို့မရ
* အမှန်တရား
ချ န်ထားလို့မရ
* သွေးလက်ဆင့်ကမ်း
လက်လှမ်းခဲ့တာမို့
* ဒို့ အာဇာနည်
ကမ္ဘာတည်သရွေ့ရှိမယ် ။ ။
ပခုက္ကူ သင်းကြူ
( ၁၉ ဇူလိုင် ၂၀၁၆ )
***************************************
ပြင်ဆင်ခွင့်သာရှိခဲ့ရင်....(သို့)၁၉ ဇူလိုင် သို့
၂၀၁၆ ဇူလိုင် ၁၉........
နံနက်၁၀နာရီ ၃၇မိနစ်.......
အာဇာနည်နေ့ရက်မှာ......
အာဇာနည်အငွေ့အသက်တွေ ရှင်သန်နိူးထနေဆဲပါပဲ.......။
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြု.....
ကမ္ဘာမကျေ အစချီခဲ့တဲ့ နိဒါဏ်......
ပြင်ဆင်ခွင့်သာ ရှိခဲ့မယ်ဆိုရင်...........။
၁၉၄၇ ဇူလိုင် ၁၉...........
နံနက်၁၀နာရီ ၃၇မိနစ်........
ခွာရှပ်သံ တဖြောင်းဖြောင်းညံ....
ကျဉ်ထွက်သံ တဖောင်းဖောင်းရှံထွက်......
လွတ်လပ်ရေးအလံ မလွှင့်တက်ခင်........
လွတ်လပ်ရေးငြမ်းတွေကို ဖြိုဖျက်
ပါးကွပ်သား လက်ပါးစေတွေရဲ့
မောဟနဲ့ မွှေတဲ့အမှု
အာဇာနည် ငိုချင်းနဲ့
မိစ္ဆာတွေ ခင်းတဲ့လမ်းမှာ
မြန်မာပြည်ကို ပျိုးထောင်...
အကျိုးဆောင်မယ့် ကြယ်ကိုးစင်း......
တဖြုတ်ဖြုတ် ကြွေဆင်းခဲ့ရ........။
ပဒေသရာဇ်ရဲ့ အကြွင်းအကျန်တွေလား...
ကိုလိုနီစနစ်ရဲ့ သားကောင်တွေလား.....
အာဇာနည်တွေရဲ့ ဇာပနမှာ....
တိုင်းပြည်တခုရဲ့ အနာဂါတ်ကို.....
ဒေါင်အလံ ပုဝါအုပ်ပြီး.........
ဖုတ်ကျင်းသဂြီင်္ီုလ် ပေးလိုက်ရပြီ......။
ဦးစောရေ.......ခင်ဗျားတို့လို....
`ငကန်း´တွေသေရင်သာ `ငဆွေ´တွေပေါ်ခဲ့တာဗျ.....
`#အောင်ဆန်း ´လိုလူတွေ ကြွေတဲ့အခါ.....
ဘယ်မှာလာ အစားရမှာလည်း......။
အကျဉ်းတန်လိုက်တဲ့ မနက်ခင်း....
သွေးပျက်ဖွယ် ရမ္မက်ရဲ့စေစားရာ.....
ကိုယ့်သမိုင်း ကိုယ်ရေးသူတွေရဲ့ဒိုင်ယာရီထဲမှာ.....
သူရဲကောင်းတွေရဲ့သွေး မြေကျ
ပြည်မြန်မာစခန်း မလှမယ့်အရေး.....
သင်းတို့ မတွေးခဲ့လေရော့သလား.......။
၁၉ဇူလိုင်ရေ......
ဘယ်တော့မှ မမေ့ဘူး....
ကိုးဦးသော အာဇာနည်တွေ သွေးမြေခ
မင်းရင်ခွင်မှာ ကြွေကျခဲ့တာလေ.......။
ပြင်ဆင်ခွင့်သာရှိမယ်ဆိုရင်.......
အာဇာနည်နေ့ကို ပြန်ပေးမယ်......
ဒို့ဗိုလ်ချုပ်နဲ့တကွသူရဲကောင်းတွေကို ပြန်ပေးပါ........။
SoeNaing...
12:38 am(1.7.2016)
**************************************************
အာဇာနည်နေ့ အမှတ်တရ ကဗျာစာအုပ်မှ
ပန်းများပွင့်ကာ ၊ ကြွေရမှာဟု
သဘာဝကို ၊ သိသော်လည်း။
ကြွေချိန်မတန် ၊ မုန်တိုင်းဒဏ်ကြောင့်
ပင်ယံထက်မှ၊ မြေသို့ခပြီ
ကြွေရစော၍ နှမြောသည်။
လူတို့မွေးလာ သေရမှာဟု
နိယာမကို သိသော်ငြားလည်း။
သေချိန်မတန် လူယုတ်ရန်ကြောင့်
ကျည်ဆန်သင့်ကာ ၊ ကျဆုံးရှာသည့်
အာဇာနည်ဖွား ၊ ခေါင်းဆောင်များကို
တို့များဘယ်ခါ မမေ့နိုင်။
ဪ.......(၁၉)ဇူလိုင် ၊ မမေ့နိုင်ဘဲ
ယခုတိုင်လည်း ၊ လွမ်းနေဆဲလေ
နောင်လည်းထာဝရ.၊ လွမ်းနေကြမည်
သေရစော၍ နှမြောသည်။
***********************************************
#ရှုမ၀
၁၉၁၅၊ ဖေဖော်ဝါရီ (၁၃)မှာ
ဘ၀စတယ်
၁၉၄၇၊ ဇူလိုင်(၁၉)မှာ
ဘ၀ဆုံးတယ်
ဒါပေမဲ့ သူ့နာမည်က
အဆုံးမဲ့ ...။
အသက်ငယ်ပေမယ့်
လုပ်တဲ့အလုပ်ကြီးတဲ့ လူကြီး
စိတ်ဓာတ်ကြီးမြတ်တဲ့ လူကြီး
အတ္တမကြီးတဲ့ လူကြီး
ကိုယ်ကျိုးစွန့်တဲ့ လူကြီး
တကယ့်လွတ်လပ်ရေး
အရယူပေးခဲ့တဲ့ လူကြီး
ကျွန်တော်တို့အားလုံး
ရိုကျိုးဦးညွတ်ထိုက်တဲ့ လူကြီးဆိုတာ
ဒီလိုလူကြီးပေါ့ ...။
“အောင်ဆန်း (သို့မဟုတ်) အရိုင်း” တဲ့
သူ့ကို ခိုင်းနှိုင်းတင်စားခဲ့
ရာဇ၀င်မှာ စာတင်တဲ့ သူ့သမိုင်း
ရာဇ၀င်မှာ ကမ္ဘာတွင်တဲ့ သူ့သမိုင်း
ဘာနဲ့နှိုင်းနှိုင်း မရိုင်းဘူး
ဘယ်တော့မှ မရိုင်းဘူး ...။
လူလူချင်း
အတင်းချစ်ခိုင်းစရာမလို
ရိုးသားလို့ သူ့ကိုပိုချစ်ရ
ကိုယ်ကျိုးစွန့်လို့ သူ့ကိုပိုချစ်ရ
ဘယ်လိုပဲ ချစ်ချစ် ချစ်လို့မ၀
ဘယ်လောက်ပဲ ချစ်ချစ် ချစ်လို့မ၀
လူကြီးပီသတဲ့ ကလေး
ကလေးပီသတဲ့ လူကြီး
ဘယ်အချိန်ကြည့်ကြည့် ရှုမငြီးဘူး
ဘယ်လောက်ကြည့်ကြည့် ရှုမငြီးဘူး
အဲဒီ ... ကလေးလူကြီးကိုလေ
ဘယ်တော့မှ ရှုမ၀ဘူး ...။
#သော်တာစံ (ကလေး)Eternal Light Magazine
*****************************************************
အာဇာနည်သွေး ဆက်လက်မွေး
မျိုးဂုဏ်ပွင့်လန်း ………………..
ဗိုလ်ချုပ်အောင်ဆန်း
အောင်ပန်းဆွဲကိုင်…………….. မန်းဘခိုင်
ယှဉ်ပြိုင်ထွန်းပ……………………သခင်မြ
ဗီဇမာန်တင်း..………………… ဦးဘ၀င်း
ဂုဏ်သတင်းပျံ့မွှေး……… ရဲဘော်ကိုထွေး
ကြည်အေးဖေါ်ညွှန်း…………….စပ်စံထွန်း
ရွှန်းရွှန်းအပြုံးဆောင်………...ဦးအုန်းမောင်
ထွန်းပြောင်ဖြောင့်မတ်…………..ဦးရာဇတ်
မွေးရပ်စာဆို………………………ဦးဘချို
ကြည်ညိုလေးစား အာဇာနည်များ
သဲကြားရွာဖြိုး မျက်ရည်မိုး
ဆယ့်ကိုးဇူလိုင် မမေ့နိုင်
သဲစိုင်ထဲမှာ သွေးထဲမှာ
အာဇာနည်သွေး ဆက်လက်မွေး…။
တက္ကသိုလ်ဘုန်းကြွယ်(ဇူလိုင် ၁၉ ၂၀၁၆)
************************************************
ဇူလိုင် ၁၉ မမေ့နိုးနှင့်
ဗိုလ်ချုပ်အောင်ဆန်း ပြည်ချစ်ပန်းနှင့်
ခေါင်နန်းစာဆို ဦးဘချို
ကြည်ညိုဆပွား ဒို့ အားထားသည့်
စော်ဘွားမိုင်းပွန် (စဝ်စံထွန်း)
လူရည်ချွန်လှ သခင်မြနှင့်
တကွတူပြိုင် မန်းဘခိုင်ပါ
{အတူရွက်ဆောင် ဦးအုန်းမောင်}
ကြိုင်လှိုင်သတင်း ဦးဘ၀င်းလည်း
ပြန့်သင်း ဂုဏ်ဒြပ် ဦးရာဇတ်
တကွကြိုးပေး ကိုထွေးလေးတို့
ပစ်သတ်ခံရ ဆောင်ခန်းမတွင်
လဲကျသေဆုံး သွေးနီဖုံး၍ ဆုံးရှုံးခဲ့ရပြီ
ဤသတင်းမှာ နှစ်ကား
ခြောက်ဆယ့် ကိုးနှစ် ဆွယ်သည်
နောင်ဝယ် မမေ့နိုင်ရန်တည်းးးးးးး
(မြို့လုလင် ပေလေးပင်ဆရာကြီးဦးကျော်အေး)
*********************************************
" အာဇာနည်နေ့သို့ ဦးခိုက်ခြင်း "
မန်းဘခိုင်နဲ့ ဦးမြဆို
ဒီဒုတ်ဦးဘချို။
စဝ်စံထွန်းနဲ့ ဦးဘဝင်း
ဦးရာဇတ်ထည့်သွင်း။
အတွင်းဝန်က ဦးအုန်းမောင်
ရဲဘော်မောင်ထွေးဆောင်။
အသက်ပေးကာ ထမ်းရွက်သွား
ဗိုလ်ချုပ်အောင်ဆန်းထား။
အာဇာနည်နေ့ ရောက်တိုင်းငို
လွမ်းမျက်ရည်တွေစို။
ပြည်ထောင်စုကို အသက်ပေး
ကိုးဦးဇာနည်လေး။
ကြယ်ကိုးပွင့်တို့ ကြွေလွင့်ရှာ
ဆယ့်ကိုးဇူလိုင်ပါ။
ပြည်သူတွေကွဲ့ မျက်ရည်ဖုံး
ဗိုလ်ချုပ်တို့ကျဆုံး။
အာဇာနည်နေ့ သတ်မှတ်ပေ
ဆယ့်ကိုးဇူလိုင်လေ။
ရင်သွေးငယ်နဲ့ အားလုံးတို့
ဦးခိုက်ကြပါစို့။ ။
(ဇဂျမ်းရွာကျောင်းအိုသား)
**************************************
ဇူလိုင်ဆယ့်ကိုး
- တစ်ကိုးလေးခွန်(၁၉၄၇) ၊ မျက်ရည်သွန်သည့်
လွန်သောအတိတ် ၊ ဆိုးနိမိတ်ကား
တို့စိတ်ဘဝင် ၊ ပြည်သူ့ရင်ဝယ်
ထင်ဟပ်လာဖုံး ၊ ကျိန်မီးအုံးသို့
နှလုံးကိုမြှိုက် ၊ အပူတိုက်၍
လောင်မြိုက်စွဲ နာ ၊ ဖြစ်ရပါသည်
အာဇာနည်နေ့ တို့မမေ့ ။
ပြန်လည်အောက်မေ့ တမြေ့မြေ့ ။
- ဇူလိုင်ဆယ့်ကိုး ၊ နေ့ရက်ဆိုးဝယ်
ငြိုးမာန်ခဲကာ ၊ မိုးသည်းရွာချိန်
မြန်မာနှလုံး ၊ အညွန့်တုံးအောင်
အသုံးချရန် ၊ သိမ်းပိုက်ကြံဖြင့်
ရန်သူ့စကား ၊ နားယဉ်ပါး၍
အသားထဲက ၊ လောက်ထွက်ကြသည့်
အဖကို ကျော် ၊ ပထွေး ခေါ်လွမ်း
လူရမ်းကားဆိုး ၊ သူ့အမျိုးတို့
လူမျိုး ဘာသာ ၊ သာသနာနှင့်
ပြည့်ရွာအကျိုး ၊ ထမ်းသယ်ပိုးသည့်
ကိုးဦးဇာနည် ၊ ဘာမထီ၏
ရွှေရည်စိမ် ဖျက် ၊ မျှော်လင့်ချက်ကို
ရက်ရက်စက်စက် ဖျက်ခဲ့၏ ။
ပြန်တွေးမိတိုင်း နာကြည်းဘိ ။
- စနေနေ့ရက် ၊ တစ်နံနက်ဝယ်
ဆယ်နာရီလွန် ၊ သုံးဆယ့်ခွန်ဖြစ်
မိနစ်ချိန်လေး ၊ အစည်းဝေးတွင်
သွေးမြေကျကာ ၊ ကြွေရရှာမည့်
ဇာနည်'ဗိုလ်ချုပ်' ၊ 'ဒီးဒုတ်ဦးဘချို'
'ရဲဘော်ကိုထွေး' ...
ဗိုလ်ချုပ်သွေးရင်း ၊ 'ဦးဘဝင်း'နှင့်
အတွင်းဝန်ဆောင် ၊ 'ဦးအုန်းမောင်'နှင့်
ဂုဏ်ရောင်မြင့်မြတ် ၊ 'ဦးရာဇတ်'နှင့်
'စဝ်စံထွန်း'အပြင် ၊ 'သခင်မြ'တိုင်
'မန်းဘခိုင်'အထိ
ကျန်ရှိဇာနည် ၊ ဘာမထီတို့
ပြည်ရန်ကုန်တွင်း ၊ သွေးစည်းရင်းဖြင့်
အတွင်းဝန်များရုံး ၊ စည်းဝေးတုန်းဝယ် ...။
- 'ဂဠုန်ဦးစော' ၊ သွေးဆိုးနှော၍
ဆန်ကောလောက်မှ ၊ မနက်ကြသည့်
ဂွကောင်တစ်သုတ် ၊ အမျိုးယုတ်တို့
ယုတ်မာပစ်ခတ် ၊ စက်သေနတ်ဖြင့်
သတ်ဖြတ်မညှာ ၊ လုပ်ကြံပါ၍
အာဇာနည်မျိုး ၊ အဖြစ်ဆိုးနှင့်
ကိုးဦးဇာနည် ၊ ဘာမထီတို့
ပြည်တန်ပတ္တမြား ၊ နွံနစ်သွားသို့
မိုးဖျားကြယ်စင် ၊ ကြွေလွင့်စဉ်သို့
ချစ်ခင်မြတ်လေး ၊ လွတ်လပ်ရေးတွက်
သွေး သက် ခန္ဓာ ၊ စွန့်ခဲ့ရှာသည်
ခါခါတမ်းတ လွမ်းမဝ ။
ပြည်သူမှန်းဆ တသသ ။
- သွေးစွန်းနေ့ရက် ၊ ထိုနံနက်တွင်
အသက်ကိုးချောင်း ၊ သွေးကြောင်းကိုးစင်း
ခြင်းခြင်းနီရဲ ၊ စီးဆင်းဆဲဝယ်
ရဲသွေးရဲမာန် ၊ တောက်ခေါက်သံဖြင့်
တမံချိုးပစ် ၊ တာချိုးမြစ်သို့
မြစ်ရေမြစ်ကြောင်း ၊ ရာထောင်သောင်းလည်း
သိန်းပေါင်းအသင်္ချေ ၊ စီးခဲ့ပေ၏
တွေတွေစီးဆင်း ၊ ထိုမြစ်မင်းကား
မင်းမဲ့အပူ ၊ တို့ပြည်သူ၏
အပူမျက်ရည် မြစ်ကြောင်းတည့် ။
ဆန်သည့်မြစ်လည်း ဖြစ်ပေ၏ ။
- နေ့ ရက် လ နှစ် ၊ သက္ကရာဇ်တို့
မြစ်ကြောင်းကမ်းပါး ၊ တိုက်စားသွားလည်း
အားပြင်းသည့်ရေ ၊ မတန့်လေတည့်
တို့မြေတို့ပြည် ၊ မြန်မာပြည်ဝယ်
ငွေရည်လဲ့ ဖြာ ၊ ကြယ်ပွင့်သာသို့
အာဇာနည်မျိုး ၊ မသေရိုးတည့်
မိုးထက် လေညာ ၊ ပန်းခက်ဖြာသို့
အာဇာနည်တိုင်း ၊ သမိုင်းမသေ
လင်းလက်နေတုန်း ၊ ပွင့်ဝေတုန်းမို့
နှလုံးသည်းပွတ် ၊ ဦးပန်ညွတ်သည့်
ဖြူဆွတ်စံပယ် ၊ ကိုးပွင့်ကြယ်ကို
မိုးလယ်မြင့်မြင့် ၊ အဆင့်ဆင့်နှင့်
ဝင့်ဝင့်ဖွေးဖွေး ၊ လွင့်လွင့်မွှေးဖို့
အလေးပြုကြ စို့တကား ။
အာဇာနည်တို့ နှလုံးသား ။
ပြည်သူပြည်သား တို့လေးစား ။
နောင်လာနောက်သား ထိန်းစေသား ။ ။
(မိုးဝဠာ)
***************************************
အာဇာနည်ဖွားတိုင်းရင်းသား ဆုရ စာစီစာကုံးအတွက် အစ်မလင်းဝင့်မြူး creditပေးပါ၏
Comments
Post a Comment