ဆောင်းရာသီအလှ (သရုပ်ဖော်စာစီစာကုံး၊ ၂၀၀၆ ခုနှစ်၊ ၂၀၁၂ ခုနှစ် မေးခွန်း)
#ဆောင်းရာသီအလှ
(သရုပ်ဖော်စာစီစာကုံး၊ ၂၀၀၆ ခုနှစ်၊ ၂၀၁၂ ခုနှစ် မေးခွန်း)
#ဦးသန်းလှိုင်မြန်မာစာ
_ဆောင်းရာသီရောက်လာပုံ
_ သဘာဝပတ်ဝန်းကျင်အလှ၊ ( ကောင်းကင်၊ တောတောင်သစ်ပင် ပန်းမန်၊ နှင်း )
_ ဆောင်းရာသီတွင်တွေ့ရသောလူတို့၏ လှုပ်ရှားမှုများ
_ ဆောင်းရာသီတွင်ကျင်းပသောပွဲလမ်းသဘင်များ
_ ဆောင်းရာသီနှင့်ပတ်သက်သော မိမိ၏ ခံစားမှု
၁ (နိဒါန်း)▫️မိုးစက်ကလေးများ ထွက်ခွာသွားကြချိန်တွင် နှင်းပွင့်ကလေးများ ရောက်လာကြပေပြီ။ အသွားနှင့်အလာ လောကဓမ္မတာအတိုင်း ရာသီစက်ဝန်းသည် လည်ပတ်လျက်ရှိရာ မိုးအလှည့်ပြီးဆုံး၍ ဆောင်းအလှည့်ရောက်လာပေပြီ။ မြန်မာပြည်တွင် မုတ်သုန်လေတို့ ဆုတ်ခွာသွားကြပြီ။ မြောက်ပြန်လေများ ဆော်သွေးတိုက်ခတ်လာချေပြီ။မြန်မာပြည်တွင် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ လေးလတိုင်အောင် ဆောင်းက ဆောင်းတာဝန်ကို ထမ်းဆောင်ပေတော့မည်။ နေထွက်ချိန် နောက်ကျ၍ နေဝင်ချိန် စောသော ဆောင်းရာသီ၊ နေ့တာတိုပြီး ညတာရှည်သော ဆောင်းရာသီ၊ အလွမ်းဓာတ်ခံရှိသူတို့အတွက် လွမ်းစရာ့ဆောင်းရာသီသည် ရောက်လာခဲ့လေပြီ။ ဆောင်းကို မျှော်သူတို့လည်း ပျော်ကြပြီ။ မျှော်နေသူတွေ ပျော်အောင် ဆောင်းရာသီသည် အရောက်လာခဲ့ပေပြီ။
၂▫️ဆောင်းရာသီတွင် ပတ်ဝန်းကျင်အခြေအနေအားလုံးသည် သာယာလှပပါသည်။ ကောင်းကင်သည် တိမ်ကင်စင်၍ ပြာလဲ့ကြည်လင်နေသည်ကများသည်။ ဆောင်းကာလ၌ လပြည့်ညများတွင် ကြယ်စုံခလျက် ဝင်းပနေသော လမင်းကြီးကို ငေးကြည့်ရသည်မှာ ကြည်နူးစရာကောင်းသလို လွမ်းစရာလည်းကောင်းလှသည်။ ဆောင်းရာသီတွင် တောင်တန်းဒေသအချို့၌ တိမ်ပင်လယ်များကို့ မြင်တွေ့ရသည်။ မြစ်ချောင်းတို့မှ လွင့်တက်လာသော ရေခိုးရေငွေ့များသည် တိမ်အဖြစ်စုဖွဲ့၍ တောင်တန်းတွေကြား၌ ရွေ့လျားနေကြသည်။ ထိုတိမ်စိုင်တိမ်ခဲများသည် ရောင်ခြည်အလင်းမှာ ရွှေအဆင်းဖြင့် ဆောင်းကို အလှဆင်ပေးနေသည်။ဆောင်းရာသီတွင် နှင်းရည်သောက်၍ စိမ်းစိုနေသော သစ်ပင်များ၊ နှင်းပုလဲတို့ ခိုတွဲနေသော ပန်းပွင့်ပန်းခိုင်လေးများ၊ သစ်ခက်သစ်ရွက်လေးများနှင့် မြက်ပင်လေးများကို တွေ့မြင်ရသည်မှာလည်း ကြည်နူးဆွတ်ပျံ့ဖွယ်ရာပင်ဖြစ်ပါသည်။ "နေလာ နှင်းပျောက်" ဆိုသော်လည်း နေမရင့်မီ နှင်းပန်းချီကို ကြည့်ရှုခံစားနိုင်ပါသည်။ ဆောင်းရာသီ၌ ခဝဲပန်း၊ ခွာညိုပန်း၊ သဇင်ပန်း၊ ပေါက်ပန်း စသောပန်းကလေးများ ဖူးပွင့်ကြသည်။ ငွေနှင်းဖြူနှင့် သဇင်ပန်းသည် ဖြူစင်၏။ ဆောင်းသည် အေးမြ၏။ ဖြူစင်မှုနှင့် အေးမြမှု ပေါင်းစုထားသော ဆောင်းရာသီအလှသည် နတ်ရေးပန်းချီမက လှပစွဲမက်ဖွယ်ရာ ဖြစ်ပေသည်။
၃ ▫️သက်မဲ့ပန်းကလေးတို့က ဆောင်းကို လှစေသလို သက်ရှိလူသားတို့၏ လှုပ်ရှားမှုများကလည်း ဆောင်းအလှကို ပို၍ ပြည်စုံသွားစေပါသည်။ဆောင်းရာသီနံနက်ခင်းများ၌ မြင်ကွင်းဝေဝါး နှင်းမှုန်ကြားတွင် ကျန်းမာရေးအတွက် လမ်းလျှောက်နေသူများ၊ တေးသွားအလိုက် ကခုန်၍ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်နေသူများကို တွေ့မြင်ရသည်။ ရပ်ကွက်အလိုက်၊ ကျောင်းအလိုက် အားကစားပြိုင်ပွဲများ၊ စုပေါင်းလမ်းလျှောက်ပွဲများကိုလည်း ဆောင်းရာသီ၌ ကျင်းပပါသည်။ ဆောင်းရာသီသည် ယေဘုယျအားဖြင့် သီးနှံရိတ်သိမ်းချိန်ဖြစ်သည်။တောင်သူလယ်သမားများ မျှော်သော၊ ပျော်သောရာသီဖြစ်သည်။ ဆောင်းရာသီ၌ တောင်ယာများတွင် နံနက်ခင်းနှင်းထုနှင့် အအေးလွန်ကဲမှုကို အန်တု၍ လုပ်ငန်းခွင်ဝင်နေသော တိုင်းရင်းသားများကို တွေ့ရပါသည်။ အဝေးကကြည့်လျှင် ဆေးရောင်စုံပန်းချီကားကဲ့သို့လှပသော တောင်ကုန်းများကို တွေ့မြင်ရပြီး အနီးကပ်ကြည့်လျှင် နှင်းရည်ပက်ဖျန်း ပန်းကလေးများလို လန်းဆန်းနေသော တိုင်းရင်းသားများ၏ အပြုံးနှင့် လုပ်အားအလှကို တွေ့မြင်ရပေမည်။ အညာဒေသက တောင်သူကြီးများသည်လည်း ဆောင်းနေခြည်နုအောက်တွင် သူတို့၏ ယာခင်းများ၌ ဆောင်းသီးနှံများကို ရိတ်သိမ်းလျက်၊ နောင်တစ်မိုးအတွက် ယာခင်းများကိုထွန်ယက်လျက် ဆီထွက်သီးနှံအထွက်တိုးရန် ကြိုးစားနေကြပေသည်။
၄▫️ဆောင်းရာသီပွဲတော်များမှာ တန်ဆောင်းမုန်းလ၌ ကျင်းပသော ကထိန်ပွဲ၊ နတ်တော်လ၌ ကျင်းပသောစာဆိုတော်ပွဲ၊ ပြာသိုလ၌ ကျင်းပသော မြင်းခင်းသဘင်ပွဲနှင့် တပိုတွဲလ၌ ကျင်းပသော ထမဲနဲပွဲတို့ ဖြစ်ကြပါသည်။ ယခုခေတ်တွင် စာဆိုတော်ပွဲနှင့် မြင်းခင်းသဘင်ပွဲများကို မကျင်းပကြတော့ပါ။ ဆောင်းရာသီအစ တန်ဆောင်းမုန်းလတွင်ကထိန်ပွဲများကို ကျောင်းအလိုက်၊ ရုံးဌာနအလိုက်၊ အသင်းအဖွဲ့အလိုက် ကျင်းပခြင်းရှိသလို မိသားစုတစ်စုချင်း ကျင်းပသည်လည်း ရှိပါသည်။ ကထိန်ပွဲသည် ဘာသာရေးပွဲဖြစ်သလို ပျော်ပွဲရွှင်ပွဲလည်းဖြစ်ပါသည်။ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို ပဒေသာပင်များတွင် တပ်ဆင်၍၊ လူများစီတန်း၍ ကထိန်လှည့်ကြပါသည်။ လူတန်းနောက်တွင် သီဆိုကခုန်သူများက လိုက်ပါကြပါသည်။ ရွှေတိဂုံကဲ့သို့ တန်ခိုးကြီးဘုရားများတွင် ညတွင်းချင်း မသိုးသင်္ကန်းရက်လုပ်၍ ရုပ်ပွားတော်များတွင် ကပ်လှူကြပါသည်။ ကထိန်ပွဲသည် ဗုဒ္ဓဘာသာဝင်များအတွက် ကုသိုလ်ရေးဖြစ်သည်သာမက ပျော်ရွှင်ရေးလည်းဖြစ်ပါသည်။ ဆောင်းရာသီအဆုံး တပို့တွဲလတွင် ထမနဲပွဲများကိုလည်း မြန်မာနိုင်ငံအနှံ့တွင် အသင်းအဖွဲ့အလိုက် ကျင်းပကြပါသည်။ လူအုပ်စုများဖွဲ့၍ ထမဲနဲထိုးပြိုင်ပွဲများလည်းကျင်းပကြသည်။ ထမဲနဲကျက်သောအခါ ထမဲနဲပွဲတော်တွင် နွှဲပျော်သူအားလုံး တပျော်တပါးစားသောက်ကြသည်မှာလည်း ပျော်စရာဖြစ်ပါသည်။
▫️ဆောင်းရာသီသည် မိုးလည်းရွာခဲပြီး နေပူရှိန်လည်းမပြင်းထန်၍ နယ်မြို့များနှင့် ကျေးလက်ဒေသများတွင် ဆောင်းရာသီ၌ သားရှင်ပြုအလှူပွဲ၊ လက်ထပ်မင်္လာပွဲများကို မဏ္ဍပ်ကြီးများထိုး၍ ကျင်းပကြပါသည်။ ဆောင်းရာသီသည် ခရစ်စမတ်ပွဲတော် ကျင်းပရာရာသီလည်းဖြစ်သည်။ ဒီဇင်ဘာကျောင်းပိတ်ရက်ရှည် ရသော ရာသီလည်းဖြစ်သည်။ တကွဲတပြားစီဖြစ်နေသော မိသားစုများ ဆုံဆည်းကြသော၊ မိတ်ဆွေဆွေးမျိုးများ ဆုံတွေ့ကြသော၊ ပွဲတော်ကျင်းပမှုများသော၊ ခရီးသွားလာခြင်းများသော ဆောင်းရာသီသည် ပျော်စရာကောင်းသော ရာသီပင်ဖြစ်သည်။ မျှော်သူ ပေါ်မလာလျှင်တော့ လွမ်းစရာ့ရာသီ ဖြစ်သွားနိုင်ပေသည်။ "အို့ ဒီဇင်ဘာ၊ ကိုယ့်ရင်ခွင်မှာ၊ အချစ်ရယ် နှင်းတွေတဖွဲဖွဲကျ၊ သိပ်သတိရ၊ မင်း ဘယ်ဆီမှာ၊ မင်း ပြန်လာပါ" ဟူသော သီချင်းကို သီဆိုရင်း တစ်ဦးက တစ်ယောက်ကို မျှော်ရသောရာသီလည်းဖြစ်ပေသည်။ ဆောင်းရာသီသည် ပျော်စရာကောင်းသောရာသီ၊ လွမ်းစရာကောင်းသောရာသီ၊ သာယာလှပသောရာသီဖြစ်သည်ဟုဆိုလျှင် မည်သူမျှ ငြင်းချက်ထုတ်နိုင်မည် မဟုတ်ပေ။ ။
Credit:ဆရာဦးသန်းလှိုင် - မြန်မာစာ
Comments
Post a Comment