သာယာသောနံနက်ခင်း၊သရုပ်ဖော်စာစီစာကုံး
#သာယာသောနံနက်ခင်း
ဤလောကမြေမဟီဝယ် အမှောင်ရှိသလို အလင်းလည်းရှိသည်။ မည်းမှောင်သော ညသန်းခေါင်ရှိသလို လင်းလက်သော နံနက်ခင်းလည်း ရှိသည်။ ညသန်းခေါင်းသည် နေ့တစ်နေ့၏ အဆုံး၊ အဟောင်းဖြစ်၍ နံနက်ခင်းသည် နေ့တစ်နေ့၏ အစ၊အသစ်ဖြစ်သည်။ညအမှောင်ကို ကြောက်သူများသည် နံနက်ခင်းအလင်းကို မျှော်ကြသည်။ အမှောင်ပျောက်၍ အလင်းရောက်သော နံနက်ခင်းသည် နေ့တစ်နေ့၏ သာယာသောအချိန်ဖြစ်ပေသည်။
နေမင်းကြီးသည် ဤလောကမြေမဟီသို့ သူ မကြာမီ ရောက်လာတော့မည်ဖြစ်ကြောင်း သူ၏ရှေ့တော်ပြေး ရောင်နီများကို ကြိုတင်လွှတ်၍ အသိပေးအကြောင်းကြားနေပေပြီ။ ရောင်နီအတောက်မှာ အမှောင်သည်ပျောက်၍ ဩကာသလောကတစ်ခွင်မှာ ရွှေရောင်တောက်ကာ အရာရာသည် သာယာလှပနေပေပြီ။ မြသစ်ရွက်တို့ပေါ်ဝယ် ရွှေရောင်တို့ ဖြန့်ခင်းလျက်၊ ဝေဖြာသစ်ကိုင်းတို့ကြားမှ ရွှေအလင်းတန်းတို့ ထိုးထွက်လျက်၊ ရောင်စုံပန်းလေးတို့သည်လည်း နေခြည်နုရင်ခွင်မှာ အလှဆုံးဖူးပွင့်ကာ လောကကို အလှဆင်လျက် ရှိပေသည်။
နံနက်ခင်းသည် နေ့တစ်နေ့၏ အလှဆုံးအချိန်၊နှစ်လိုဖွယ် အကောင်းဆုံးအချိန်ဖြစ်သည်။ နံနက်ခင်းတွင်ကျေးငှက်လေးများသည် အိပ်တန်းမှ နိုးထ၍ ကျည်ကျည်ကျာကျာ တေးသံသာပြုကာ အစာရှာထွက်ကြပြီ။ ပန်းတို့သည် ဖူးရာမှ ငုံ၊ ငုံရာမှ ပွင့်လာကြပေပြီ။ လေနုအေးက ဆော်သွေးတိုက်ခတ်ပြန်သောအခါ ပန်းတို့၏ မွှေးရနံ့သည် လွင့်ပျံ့လာသည်။နံနက်ခင်းသည် နေ့တစ်နေ့၏ ကန့်လန့်ကာကို ဖွင့်၍ သဘာဝအလှကို ဖော်ထုတ်ကာ အလှဆုံးတင်ဆက်ကပြချေပြီ။ ဩကာသလောကသည် မပီဝိုးတဝါး လှပနေရာမှ ထင်ထင်ရှားရှား မော်မော်ကြွားကြွား လှပလာသည်။
နံနက်ခင်းရောက်သည်နှင့် လူတို့သည် အိပ်ရာမှ နိုးထ၍ တာဝန်ကိုယ်စီ ဆောင်ရွက်ရန် ပြင်ဆင်ကြသည်။ ကျေးလက်တွင် ကြက်တွန်သံ၊ကလတက်ခေါက်သံ၊ကြေးဆည်သံ၊ ဘုရားရှိခိုးသံ၊ စာကျက်သံတို့ကို ကြားရသည်။အိမ်ရှင်မတို့သည် အရုဏ်ဆွမ်း လောင်းလှူရန်၊ မိသားစု နံနက်စာ စားရန် မီးဖိုဆောင်သို့ဝင်၍ ထမင်းဟင်း ချက်ကြပြီ။ တောင်သူလယ်သမားကြီးတို့သည် နွားစာကျွေးပြီးနောက် လှည်းများဖြင့် လယ်ထဲယာထဲ ဆင်းကြပြီ။ မြို့ပြတွင်ကြားရသော ကားသံ၊ဆိုင်ကယ်သံ၊ ဈေးသည်တို့၏အသံတို့သည်လည်း နံနက်ခင်းတေးသံပင်ဖြစ်သည်။ မြိုပြရှိ လမ်းသွယ်၊လမ်းမကြီးများတွင် ကျောင်းသွားသူ၊ ရုံးသွားသူ၊ အလုပ်သွားသူများ စည်ကားနေပေပြီ။ "ယနေ့လူငယ် နောင်ဝယ်လူကြီး"ဟုဆိုအပ်သော ကျောင်းသားကျောင်းသူများသည်လည်း ကျောင်းသို့ သွားကြပြီ။
နံနက်ခင်းသည် တစ်နေ့တစ်နေ့၏ အစ၊ အသစ်ဖြစ်သည့်အလျှောက် လူတို့အတွက် အားအင်သစ်ကို ဖြစ်စေသည်။ လူတို့သည် တစ်ညတာ အိပ်စက်အနားယူပြီးသောကြောင့် နံနက်ခင်းတွင် ကိုယ်ရောက်ပါ တက်ကြွလန်းဆန်းနေကြသည်။ နံနက်ခင်းတွင် လတ်ဆတ်သန့်ရှင်းသောလေကို ရှူနိုင်သလို လှပသော သဘာဝရှူခင်းကို ကြည့်နိုင်သည်။
"အစကောင်းမှ အနှောင်းသေချာ" ဆိုရိုးစကားအတိုင်း လူတို့သည် နံနက်ခင်းတွင် လန်းဆန်းတက်ကြွနေမှသာ တစ်နေ့တာလုပ်ငန်းကိစ္စအစစအရာရာ၌ အဆင်ပြေချောမွေ့မည်။ မင်္ဂလာရှိသော နံနက်ခင်းမှ အစပြု၍ တစ်နေ့တာလုံး မင်္ဂလာရှိစေရမည်။ မင်္ဂလာရှိသော တစ်နေ့တာများ ပေါင်းစုထားနိုင်လျှင်မင်္ဂလာရှိသော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မည်ပင်။ ထို့ကြောင့် ကျွန်ုပ်တို့သည် နံနက်ခင်းတိုင်းတွင် "မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား"၍ အောင်မြင်ပျော်ရွှင်သောဘဝကို တည်ဆောက်ကြရမည်။ ကျွန်ုပ်တို့ လူသားများသည် နံနက်စောစော အိပ်ရာမှထ၍ မင်္ဂလာရှိသော နံနက်ခင်းကို ဖြစ်စေလျက်အားအင်ပြည့်ဖြိုးသော ကိုယ်၊ နိုးကြားတက်ကြွသောစိတ်တို့ဖြင့် နေ့တစ်နေ့ချင်းကို အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်ကျော်ဖြတ်ကြရမည်။ သာယာလှပသော နံနက်ခင်း၊ အားအင်သစ်ကို ဖြစ်စေသော နံနက်ခင်းသည် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော အချိန်အခါပင်ဖြစ်ပါသည်။ ။
Grade11မြန်မာစာသင်ရိုးပါ ပုံကြမ်းအတိုင်း ရေးပါသည်။
Credit:ဆရာဦးသန်းလှိုင် - မြန်မာစာ
Comments
Post a Comment