ခါနွေဆန်း-သရုပ်ဖော်စာစီစာကုံး၊ရသစာစီစာကုံး






ခါနွေဆန်း
(သရုပ်ဖော်စာစီစာကုံး၊ ရသစာစီစာကုံး)

#ဦးသန်းလှိုင်မြန်မာစာ 

_ နွေရာသီ ရောက်လာပုံ
_ တောတောင်ဝန်းကျင် သစ်ပင်နှင့် မြစ်ချောင်းတို့၏မြင်ကွင်း
_ နွေပန်းကလေးများနှင့် ကျေးငှက်တို့၏သဘာဝ
_ လူတို့၏ လှုပ်ရှားမှုများနှင့် ပွဲတော်များကျင်းပကြပုံ
_ နွေရာသီနှင့်ပတ်သက်သော မိမိ၏ ခံစားချက် 

ဤလောက မြေမဟီဝယ် မိုးသည်လည်း မိုးအလျောက် မိုးသရုပ်ကို ဖော်ထုတ်ခဲ့ပေပြီ။ ဆောင်းသည်လည်း ဆောင်းပီပီ အလှပန်းချီ ခြယ်ခဲ့ပေပြီ။ ဤမြေဤဒေသသည် ဇာတ်စင်မြင့်တစ်ခုဟု ဆိုပါလျှင် ကန့်လန့်ကာအဖွင့်မှာ နွေမင်းသမီးလေးသည် နွေတေးသံကျူးရင့်၍ နွေအကကို အလှဆုံး ကပြပေတော့မည်။ "ဩဥ ဩဥ" ဟူသော လွမ်းဖွယ့်တေးသံကို အထီးကျန်ငှက်ကလေးက သီကျူးနေလျက်၊ ပတ်ဝန်းကျင်တစ်ခွင်လုံးကို မင်းလွင်မြူခိုးတို့က လွှမ်းခြုံလျက်၊ သစ်ပင်တို့သည် ကြွေတချို့ ဝေတချို့ဖြစ်လျက်၊ လေပွေလေးများသည် ဟိုမှသည်သို့ ဝိုင်းဝှေ့တိုက်ခတ်လျက်၊ နွေပန်းတို့သည် ဖူးပွင့်ဝေဆာကာ သင်းရနံ့ဖြာလျက် ရှိလေသည်။ ငွေနှင်းစက်တို့က ကမ္ဘာမြေကို နှုတ်ဆက်ထွက်ခွာသွားချိန်၊ ဆောင်းအကုန် နွေအကူး၌ သင်္ကြန်ဒိုးသံနှင့်အတူ လူတို့ မြူးကြပေပြီ။ နွေဦးသည် ကမ္ဘာမြေသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီ။

၂▫️နွေရာသီ၌ တွေ့မြင်ရသော တောတောင် သစ်ပင်နှင့် မြစ်ချောင်းတို့၏ မြင်ကွင်းများသည် သဘာဝပန်းချီကားဟု ဆိုနိုင်ပါသည်။စိမ်းမှောင်အုပ်မှိုင်းခဲ့သောတောတောင်တို့သည် ခါနွေဆန်း၌ ရွှေဝါရောင်လင်းလက်နေသည်။ ရွက်ကြွေတို့သည် မြေမှာ ကျဲပြန့်နေသည်။ အချို့သစ်ပင်တို့၌ ရော်ရွက်တို့က ကြွေလုလုနီး ဖြစ်နေလျက် မိခင်သစ်ပင်၌ ခိုတွဲလျက်ပင်ရှိသေးသည်။ အချို့သစ်ပင်တို့၌ ကြွေကျမြေခသွားသော သစ်ဟောင်းတို့နေရာတွင် ရွက်သစ်ရွက်ဖူးတို့ ထွက်ပြူနေသည်။ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေခြင်းဖြင့် မမြဲခြင်းသဘောကို နွေဦးက ဖော်ထုတ်ပြသခြင်းပေလော။ လှိုင်းတံပိုးတို့ဖြင့် မာန်ကြီးခဲ့သော၊ ရေကြီးရေလျှံ ဖြစ်တတ်သော မြစ်တို့သည် နွေရာသီ၌ ညင်သာစွာ စီးဆင်း၍၊ သောင်များပင်ထွန်း၍ တည်ငြိမ်နေသည်။ အချို့ချောင်းတို့၌ ရေနည်းနေ‌လျက် ရေစီးကြောင်းများ မပြတ်တောက်ရုံသာ ရှိတော့သည်။ အချို့သဲချောင်းများတွင် ရေ လုံးဝ မစီးတော့ဘဲ လက်ယက်တွင်းကလေးများတူးထားကြသည်ကိုသာ တွေ့ရသည်။ နွေရာသီ၌ မြစ်ချောင်းတို့၏ သဲသောင်ပြင်သည် လူတို့ စိုက်ပျိုးစရာ၊ နားနေအပန်းဖြေစရာ ဖြစ်လေသည်။ 

၃▫️ခါနွေဆန်းချိန် သဘာဝအလှကို ဖော်ကျူးမည်ဆိုလျှင် နွေပန်းကလေးများနှင့် ကျေးငှက်တို့၏ သဘာဝကို ချန်လှပ်ထား၍ မဖြစ်နိုင်ပါ။ နွေရာသီတွင် အင်ကြင်း၊ ရင်ခတ်၊ ကန့်ကော်၊ ပိတောက်၊ သရဖီစသော နွေပန်းကလေးများသည် အဆင်းမျိုးစုံ၊ အရောင်မျိုးစုံ၊သင်းရနံ့မျိုးစုံဖြင့် ဖူးပွင့် ဝေဆာလျက် နွေအလှကို ဖော်ပြနေပေသည်။ ထို့ပြင် ကျေးငှက်ကလေးများ၏ သဘာဝသည်လည်း နွေပန်းချီကားကို ပို၍လှစေပါသည်။ ကြိုးကြာငှက်တို့သည် မိုင်ထောင်ချီပျံသန်း၍ ဆောင်းရာသီတစ်လျှောက်လုံး ခိုလှုံခဲ့သောနေရာမှ မူလနေရပ်သို့ ပြန်ရောက်နေကြသည်။ အထီးကျန် ဥဩငှက်ကလေး၏ လွမ်းတေးသံကိုလည်း ကြားရသည်။ ငှက်မလေးများသည် အသိုက်ထဲတွင် ဥဝပ်လျက် အစာခွံကျွေးမည့် ငှက်ဖိုလေးကို မျှော်ရင်း သာယာငြိမ့်ညောင်းစွာ တွန်ကျူးနေသည်။ " အမသံညောင်း၊ သိုက်နန်းငယ်အောင်းလို့၊ သာပေါင်းငယ်ချီသည်" ဟူ၍ ဦးယာက တပေါင်းလဖွဲ့ အဲချင်းတွင် ရေးဖွဲ့ထားပါသည်။ နွေရာသီတွင် မိုးကြီးလေထန်မဖြစ်သောကြောင့် ငှက်ကလေးများသည် ဝေဟင်မှာ စိုးရိမ်ကြောင့်ကြမဲ့ ပျံဝဲနိုင်သည်။လွတ်လပ်စွာ အစာရှာဖွေနိုင်သည်။ ငှက်ကလေးများအတွက် နွေရာသီသည် ပျော်ရွှင်စရာ ရာသီပင်ဖြစ်ပေလိမ့်မည်။

၄▫️နွေရာသီသည် လူသားအတွက်လည်း ပျော်စရာရာသီပင် ဖြစ်ပါသည်။နွေရာသီသည် လယ်ယာလုပ်ငန်းများလည်း ပြီးစီးချိန်လည်းဖြစ်ပြီး ကျောင်းပိတ်ချိန်လည်းဖြစ်သောကြောင့်လည်းကောင်း၊ မိုးလေကင်းလွတ်သောအချိန်ဖြစ်၍လည်းကောင်း သားရှင်ပြု အလှူပွဲများ၊ဘုရားပွဲတော်များ၊ ရိုးရာဓ‌လေ့ပွဲတော်များကို ဒေသအလိုက် ကျင်းပကြသည်။ နွေရာသီသည် ပွဲတော်ရာသီ၊ ပျော်စရာရာသီဟု ဆိုလျှင် လွန်အံ့မထင်ပါ။ မြန်မာတို့၏ အထင်ရှားဆုံးနှင့် ပျော်စရာအကောင်းဆုံးပွဲတော်ကြီးဖြစ်သည် သင်္ကြန်ပွဲတော်ကြီးကိုလည်း နွေရာသီတွင် ကျင်းပခြင်းမဟုတ်ပါလော။ သင်္ကြန်ရက်မရောက်ခင်ကတည်းက တူးပို့သံဖြင့် မြူးဖို့ တာစူနေကြသည့်ရာသီကား နွေရာသီပင်ဖြစ်တော့သည်။ထို့ပြင် နွေရာသီတွင် အပန်းဖြေခရီး၊ ဘုရားဖူးခရီးများ သွားလာကြသည်။ချောင်းသာ၊ ငပလီစသောကမ်းခြေများတွင် လူစည်ကားသလို ပုဂံ၊ မြောက်ဦးစသော ရှေးဟောင်မြို့တော်များကြီးများတွင်လည်း ဘုရာဖူးခရီးသွားများဖြင့် စည်းကားမြဲဖြစ်သည်။ နွေရာသီတွင် ချင်းတောင်တန်းနှင့် ရှမ်းတောင်တန်းဆီသို့ ခရီးသွားကြသူများလည်းများစွာရှိပေသည်။

၅ (နိဂုံး)▫️နွေရာသီသည် လယ်ယာလုပ်သားကြီးများ နှင့် ကျောင်းသားကျောင်းသူများ အနားရချိန်ဖြစ်သည်။ အတာသင်္ကြန်ပွဲ အပါအဝင် ပွဲတော်များကျင်းပချိန်လည်းဖြစ်သည်။ သားရှင်ပြုအလှူပွဲများနှင့် လက်ထပ်မင်္ဂလာပွဲအများစု ကျင်းပချိန်လည်းဖြစ်သည်။နိုင်ငံတစ်လွှား ခရီးသွားများဖြင့် စည်ကားချိန်လည်းဖြစ်သည်။ ထို့ကြောင့် နွေရာသီသည် ပျော်စရာကောင်းသောရာသီဖြစ်ပါသည်။ လူတို့သည် နွေမှာပျော်၍ နွေကိုမျှော်ကြသည်။လောကဓမ္မတာအရ လူ့ဘဝဟူသည်ကား ပျော်စရာအချိန်ချည်း မကြုံကြိုက်နိုင်ပါ။ နွေကုန်လျှင် မိုးရောက်မြဲသာဖြစ်သည်။ နွေမှာ ပျော်သော်လည်း နွေကို နှုတ်ဆက်ကြရသည်။ ရာသီစက်ဝန်းကား လည်ပတ်နေမည်သာဖြစ်သည်။ သို့သော် လူ့ဘဝတစ်သက်တာမှာ ပျော်စရာတစ်နွေတည်းရှိသည်တော့ မဟုတ်ပါလေ။ မိုးပြီးလျှင်ဆောင်း၊ ဆောင်းပြီးလျှင်နွေရောက်မြဲဖြစ်၍ နောက်တစ်ကြိမ် ခါနွေဆန်းချိန်ကို လွမ်းရင်း စောင့်မျှော်နိုင်သည် မဟုတ်ပါလော။ ။
Credit:ဆရာဦးသန်းလှိုင် - မြန်မာစာ

Comments

Popular posts from this blog

G12စနှစ်သစ်မေးခွန်းပုံစံ

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ