ညနေဆည်းဆာ၊သရုပ်ဖော်စာစီစာကုံး


 .

#ညနေဆည်းဆာ


 ၁ (နိဒါန်း)▫️နေမင်းသည် ကမ္ဘာတစ်ခြမ်းမှ မထွက်ခွာမီ သူ၏ရွှေအိုရောင်အလင်းတန်းများကို လူသားတို့အား နှုတ်ဆက်လက်ဆောင်ပေးခဲ့ပေသည်။ညနေဆည်းဆာတွင် ဩကာသလောကတစ်ခွင်၌ မြင်မြင်ရာသည် လှ‌ပနေပေသည်။ ညနေဆည်းဆာကို "အကျည်းတန်လှချိန်" ဟု တင်စားသူတို့က တင်စားကြလေသည်။ ညနေဆည်းဆာသည် တစ်ရက်တာ၏ အလှဆုံးအချိန်ဖြစ်သလို လွမ်းစရာအချိန်အခါလည်းဖြစ်ပေသေးသည်။ "ရှုလေတိုင်းသာပ၊ မှိုင်းမိသလိုလိုနဲ့၊ နေညိုလျှင် ဘယ်ကိုလွမ်းတယ်လို့၊ မှန်းဆ၍ မသိပါပြီ။" ဟု ဆရာဇော်ဂျီက "နေနီနီ" ကဗျာတွင် ရေးဖွဲ့ထားသည်။ စာဆိုတို့ကလည်း ညနေဆည်းဆာအလှကို အမျိုးမျိုးအဖုံဖုံ ရှုထောင့်စုံက စာဖွဲ့ခဲ့ကြဖူးလေသည်။ ပန်းချီကျော်တို့ကလည်း ညနေဆည်းဆာအလှကို အရောင်အသွေးအစုံစုံ အသွင်အပြင်မျိုးစုံဖြင့် ခြယ်သခဲ့ကြဖူးလေသည်။ အနုပညာပုံသဏ္ဌာန်မျိုးစုံဖြင့် ညနေဆည်းဆာအလှကို ဖော်ထုတ်ခဲ့ကြသော်လည်း အရှိပကတိ ညနေဆည်းဆာအလှကို မမီနိုင်ပါ။ ညနေဆည်းဆာသည် နတ်ပန်းချီပင် မမီနိုင်သော သဘာဝ၏လက်ဆောင်ဖြစ်လေသည်။ယနေ့ကမ္ဘာတွင် နေဝင်ချိန်စောင့်ကြည့်ရန် အကောင်းဆုံးနေရာများပင် သတ်မှတ်ထားကြသည် မဟုတ်ပါလော။


၂▫️မိုးကုန်ဆောင်းကူးချိန်နှင့် နွေနှောင်းမိုးဦးချိန်တို့၌ ညနေဆည်းဆာတွင် တိမ်တို့၏အရောင်သည်လည်းကောင်း၊ တိမ်တို့၏ပုံသွင်သည်လည်းကောင်း အမျိုးပြောင်းလဲလျက် တိမ်သဘင်ကို မိုးကောင်းကင်စင်မြင့်၌ တင်ဆက်နေပေသည်။ထိုတိမ်ရောင်တိမ်ရိပ်တို့သည် မြစ်၊ချောင်း၊အင်း၊အိုင်တို့၏ရေပြင်မှာ ထင်ဟပ်သောအခါ ကောင်းကင်နှင့်ရေပြင်တို့သည် လွန်စွာလိုက်ဖက်လှပေသည်။ ရွှေအိုရောင်မြစ်ပြင်တွင် တံငါလှေလေးတစ်စင်းသည် အိမ်ပြန်ခရီးနှင်လျက်ရှိစဉ် ထိုလှေအထက်က ရွှေအိုရောင်ကောင်းကင်၌ ငှက်တစ်အုပ်သည်လည်း အိပ်တန်းပြန်ခရီးဆက်လျက်ရှိသည်။ ထိုလှေတစ်စင်းနှင့် ထိုငှက်တစ်အုပ်တို့၏ ရည်ရွယ်ရာကား အတူတူဖြစ်လေသည်။ အမှောင်မကြီးစိုးခင် ဆည်းဆာရောင်အောက်မှာ အိမ်ပြန်ရောက်ရေးပင်ဖြစ်ပေသည်။ညနေဆည်းဆာတွင် ကောင်းကင်၊ရေပြင်၊‌မြေပြင် မြင်နိုင်သမျှအရာအားလုံးသည် လှပမှုတို့ပေါင်းစုနေပေသည်။ 


၃▫️ညနေဆည်းဆာသည် အပူရှိန်လျော့ပါးပြီး အအေးဓာတ်လည်း မလွန်ကဲသေး၍ နေသာထိုင်သာရှိသောအချိန်အခါလည်းဖြစ်ပေသည်။ လမ်းမများတွင် လူများ၊ ယာဉ်များ အသွားအလာများသောအချိန်ဖြစ်သည်။ အပန်းဖြေစရာနေရာများ၊ အားကစားကွင်းများတွင် လူစည်ကားသောအချိန်လည်းဖြစ်ပေသည်။ ညနေဆည်းဆာ၌ ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များတွင်လည်း လူများစည်ကားနေတတ်သည်။ ကျေးလက်ဒေသများတွင်လည်း လယ်သမား၊ယာသမားတို့သည် လုပ်ငန်းခွင်အသီးသီး၌ နဖူးကချွေး ခြေမမအထိကျအောင် အလုပ်လုပ်ပြီး၍ နေအိမ်သို့ပြန်လာကြပေပြီ။ဆိတ်အုပ်၊ နွားအုပ်ကို စားကျက်မှ ရွာထဲသို့ မောင်းသွင်းနေကြသော ဆိတ်ကျောင်းသား၊ နွားကျောင်းသားတို့ကိုလည်း ညနေဆည်းဆာတွင် တွေ့နိုင်သည်။ တောရောမြို့ပါ နေအိမ်များတွင်လည်း မိသားစုများစုရုံးလျက် စကားသံ၊ရယ်သံများ ညံစီစီရှိတတ်သည်။ ညနေဆည်းဆာတွင် အလုပ်ရုံများ၊ ရုံးများ၊ ကျောင်းများတွင်တိတ်ဆိတ်ငြိမ်သက်သွားပြီး လမ်းများ၊ဈေးဆိုင်များ၊ အပန်းဖြေ‌နေရာများ၊အိမ်များတွင် စည်းကားလေ့ရှိပေသည်။ ကာယအားဖြင့်၊ ဉာဏအားဖြင့် တစ်နေ့တာ ပင်ပန်းနွမ်းနယ်ခဲ့ရသမျှကို ညနေဆည်းဆာတွင် အပန်းဖြေကြရသည်မဟုတ်ပါလော။


၄▫️ညနေဆည်းဆာသည် ကဗျာဆရာ၊ တေးရေးဆရာတို့၏ နှလုံးအိမ်ကို အလှုပ်ခပ်နိုင်ဆုံးသောအချိန်ဟုဆိုနိုင်ပေသည်။ "နေဝင်ချိန် တိမ်တောက်တဲ့အခါ ရွာလမ်းနဘေးမှာ စာဥတို့သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ၊ သီချင်းလေ သံသာ၊ မရောက်တာကြာပြီ မတွေ့တာကြာပြီ၊ သတိရလိုက်တာ စာဥရေ" ဟူ၍ ဟင်္သာတထွန်းရင် သီဆိုခဲ့သည်။ မြို့ကြီးပြကြီးရောက်နေသော လုလင်ပျိုက ရွာမှာကျန်ရစ်သော စာဥကို ညနေဆည်းဆာချိန်နှင့်တွဲ၍ လွမ်းနေပေသည်။ "ချိန်ခါဆည်းဆာ မြစ်ဧရာပေါ် ပျံကာဝဲကာ ငှက်ရွှေစင်ရော်၊ သံသာသာဟစ်ကာကြွေးကြော် ချစ်ချစ်စရာလေးနော်၊ ကရီကယာ ကကာ မြူးကာ သူ့ဘဝသူပဲပျော်၊ လှိုင်းကလေးတ‌ဖွေးဖွေး အေးတဲ့မြစ်ပေါ်၊ ထင်ရာလည်းစိုင်းသနော် ရိုင်းတဲ့စင်ရော်" ဟူ၍ ‌တေးရေးသောတမောင်ကရေးဖွဲ့ပြီး ကိုင်ဇာနှင့်အခြားအဆိုတော်များစွာက သီဆိုခဲ့သည်။ ညနေဆည်းဆာချိန်‌တွင် တွေ့မြင်ရသော စင်ရော်ငှက်ကလေးကို ဂီတစာဆိုက မှတ်မှတ်ထင်ထင်ရှိနေပေသည်။


၅ (နိဂုံး)▫️တစ်ရက်တာကို နေ့နှင့်ညဟူ၍ ခွဲခြားသတ်မှတ်ရာတွင် နေ့တစ်နေ့၏အဆုံးသည် ညနေဆည်းဆာချိန်ဖြစ်ပြီး ညတစ်ည၏အစသည်လည်း ထိုညနေဆည်းဆာချိန်ပင်ဖြစ်လေသည်။ အဆုံးနှင့်အစတို့၏ဆုံမှတ် သို့မဟုတ် အဆုံးနှင့်အစတို့၏စပ်ကူးမတ်ကူးကာလသည် ညနေဆည်းဆာပင်ဖြစ်လေသည်။ လူတိုင်းသည် တစ်ဘဝတာ၏အစကို ရခဲ့ကြပေပြီ။ တစ်ဘဝတာ၏အဆုံးကိုလည်း မလွဲမသွေကြုံကြရပေဦးမည်။ "ဘဝဆည်းဆာ"ဟုတင်စားကြသော လူတစ်ဦး၏အိုမင်းချိန်ကို လူတိုင်းကြုံကြရပေသည်။ တချို့လူများက အိုမင်းချိန်တွင် စိတ်ပျက်ငြီးငွေ့ကြသည်။ ထိတ်လန့်တုန်လှုပ်ကြသည်။အမှန်မှာ ဘဝဆည်းဆာသည် ညနေဆည်းဆာကဲ့သို့ပင် ဘဝတစ်ခုနှင့် ဘဝတစ်ခုကြား စပ်ကူမတ်ကူးကာလဖြစ်ပေသည်။ စိတ်ပျက်ငြီးငွေ့စရာမဟုတ်သလို ထိတ်လန့်တုန်လှုပ်စရာလည်း မဟုတ်ပေ။ တစ်ဘဝတာကို တတ်နိုင်သမျှ အကောင်းဆုံးဖြတ်သန်းကုန်လွန်နိုင်ဖို့သာလိုလေသည်။ ဤသဘောကို ညနေဆည်းဆာက သရုပ်ပြနေပေသည်။ဤအတွေးကို ညနေဆည်းဆာပေါင်းများစွာကို ဖြတ်သန်းရင်း လူသားတို့ ဆင်ခြင်မိသင့်ပေသည်။ ။


#ဦးသန်းလှိုင်မြန်မာစာ

#စာစီစာကုံး

Comments

Popular posts from this blog

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ

G12စနှစ်သစ်မေးခွန်းပုံစံ