အနှစ်သက်ဆုံးရိုးရာပွဲတော်
#စာစီစာကုံးရေးကျင့်ထုံး
#အနှစ်သက်ဆုံးရိုးရာပွဲတော်
(သရုပ်ဖော်စာစီစာကုံး၊ ကျောင်းတစ်ကျောင်းကပေးထားသောပုံကြမ်း)
၁_ လူမျိုးတိုင်းတွင် ရိုးရာပွဲတော်များရှိပုံ
၂_ ပွဲတော်များအနက် အနှစ်သက်ဆုံးပွဲတော်
၃_ ပွဲတော်ချိန်နှင့် ပွဲတော်ဆင်ယင်ကျင်းပပုံ
၄_ထိုပွဲတော်ကို နှစ်သက်ရခြင်းအကြောင်း
_ ထိုပွဲတော်နှင့်ပတ်သက်သည့် မိမိ၏ခံစားမှုနှင့် အတွေးအမြင်များ
▫️ကမ္ဘာပေါ် ရှိ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ရိုးရာပွဲတော်များ အသီးသီးရှိကြပါသည်။မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားလူမျိုးတစ်မျိုးချင်းစီမှာ ကိုယ်ပိုင်ရိုးရာပွဲတော်များရှိပါသည်။ တိုင်းရင်းသားအားလုံး နွှဲပျော်ကြသောပွဲတော်များလည်းရှိပါသည်။ ဘာသာရေးပွဲတော်များလည်း ရှိပါသည်။ရှေးဘုရင်များလက်ထက်ကတည်းက ယခုခေတ်အထိ ဆယ့်နှစ်လရာသီအလိုက်ကျင်းပသော ရိုးရာပွဲတော်များလည်းရှိပါသေးသည်။တန်ခူးလတွင် သင်္ကြန်ပွဲ၊ ကဆုန်လတွင် ညောင်ရေသွန်းပွဲ၊ နယုန်လတွင် စာပြန်ပွဲ၊ ဝါဆိုလတွင် ဝါဆိုပွဲ (ပဉ္စင်းတော်ခံပွဲ)၊ ဝါခေါင်လတွင် စာရေးတံမဲပွဲ၊ တော်သလင်းလတွင် လှေပြိုင်ပွဲ၊ သီတင်းကျွတ်လ တွင် မီးထွန်းပွဲ၊တန်ဆောင်မုန်းလတွင်ကထိန်ပွဲ၊နတ်တော်လတွင် စာဆိုတော်ပွဲ၊ပြာသိုလတွင် မြင်းခင်းသဘင်ပွဲ၊တပို့တွဲလ တွင် ထမနဲပွဲ၊တပေါင်းလတွင် သဲပုံစေတီပွဲဟူ၍ လအလိုက် ပွဲတော်များကျင်းပကြပါသည်။
▫️ရိုးရာပွဲတော်များအနက် ကျွန်ုပ်အနှစ်သက်ဆုံးပွဲတော်မှာ သင်္ကြန်ပွဲတော်ဖြစ်ပါသည်။ သင်္ကြန်ပွဲတော်သည် မြန်မာတစ်နိုင်ငံလုံးနှင့်သက်ဆိုင်သော ရိုးရာပွဲတော်ဖြစ်ပြီး မြန်မာနိုင်ငံ တစ်ဝန်းလုံး ရွှင်ပြုံးပျော်မြူးကြသည့် ထူးခြားသော ပွဲတော်ကြီးလည်း ဖြစ်ပါသည်။ သင်္ကြန်ပွဲတော်အတွက် အစိုးရရုံးများရော ပုဂ္ဂလိကရုံးများပါ ရက်ရှည်ပိတ်ပါသည်။ ပွဲတော်ရက်မရောက်ခင်ကတည်းက ရင်အခုန်ရဆုံး၊
စိတ်အလှုပ်ရှားရဆုံးသောပွဲတော်ကို ပြောပါဆိုလျှင် သင်္ကြန်ပွဲတော်ကိုသာ ညွှန်းဆိုရပေမည်။ သင်္ကြန်ပွဲတော်ရက်မရောက်ခင် တစ်လနှစ်လအလိုကတည်းက သင်္ကြန်သီးချင်းသံများ နေရာအနှံ့အပြားမှာ ကြားရပါသည်။ ရော့ခ်၊ ဟစ်ဟော့၊ ပန့်၊ မြန်မာသံစသော ဂီတပုံစံမျိုးစုံဖြင့် ပုံဖော်ဖန်တီးထားသော သင်္ကြန်သီချင်းများသည် လူအများစု၏သင်္ကြန်ပိုးများကို ရုန်းကြွနိူးထစေပါသည်။ "ပိတောက်ပန်းတဝေဝေ၊ ရေတွေတရွှဲရွှဲ၊ရင်ထဲအသည်းထဲလှိုက်အောင်၊ ဆွဲဆောင်နိုင်သော သင်္ကြန်ပွဲကို မြန်မာတိုင်း နှစ်သက်ကြမည်သာ။
▫️မြန်မာသက္ကရာဇ်၊ တစ်နှစ်မှ တစ်နှစ်သို့ကူးပြောင်းချိန်၌ သင်္ကြန်ပွဲတော်ကိုကျင်းပပါသည်။ ခရစ်သက္ကရာဇ်အားဖြင့် ဧပြီလလယ်တွင်ကျင်းပခြင်းဖြစ်ပါသည်။ ပွဲတော်ရက်မှာ အကျနေ့၊
အကြတ်နေ့၊ အတက်နေ့၊ နှစ်ဆန်းတစ်ရက်နေ့ဟူ၍ အနည်းဆုံး ၄ ရက်တိုင်တိုင်ကျင်းပပါသည်။ အချို့နှစ်များတွင် အကြတ်နေ့ ၂ ရက်သတ်မှတ်၍ ၅ ရက်တိုင်တိုင်ကျင်းပပါသည်။ ပွဲတော်များအနက် သင်္ကြန်ပွဲတော်သည် ဆင်ယင်ကျင်းပပုံအထူးခြားဆုံးပွဲတော်ဖြစ်ပါသည်။ ပွဲတော်ရက်များအတွင်း သက်ကြီးရွယ်အိုများကို ရေချိုးခေါင်းလျှော်ပေးခြင်း၊ လူကြီးမိဘများကိုကန်တော့ကြခြင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဒါနပြုကာ သီလစောင့်တည်ကြခြင်း၊ ဘုရားကျောင်းကန်စေတီပုထိုးများတွင် သန့်ရှင်းရေးနှင့် ဝေယျာဝစ္စကိစ္စများဆောင်ရွက်ခြင်း၊ ငါးဘေးမဲ့လွတ်ခြင်းစသော ကုသိုလ်ကောင်းမှု အစုစုကို လူအများစုပေါင်း၍ ပြုကြပါသည်။ မြို့တကာနယ်တကာရွာတကာတွင် ရေကစားမဏ္ဍပ်ကြီးငယ်များဆောက်လုပ်၍ ရေပက်ကြသည်။ အုန်းလက်လေးများချိတ်၊ ရေစည်ပိုင်းလေးချကာ ဆောင်းဘောက်ဖွင့်၍ ရေကစားသော မဏ္ဍပ်များမှသည် သိန်းပေါင်းဆယ်ချီရာချီအကုန်ခံ၍ စင်မြင့်မဏ္ဍပ်ကြီးထိုးကာ နိုင်ငံကျော်အဆိုတော်မင်းသမီးများကိုငှား၍လည်းကောင်း၊ ဒီဂျေဆရာများငှား၍လည်းကောင်း သင်္ကြန်ပျော်များကို ဖျော်ဖြေရင်း ရေကစားသောမဏ္ဍပ်များအထိ အတိုင်းအတာပမာဏများပြားစုံလင်စွာ ရေကစားကြပါသည်။ "ရှာပုံတော်မင်းသားကြီး မဏ္ဍပ်တကာရောက်ခဲ့ပြီ" ဟူသည့်အတိုင်း ကားများ၊ဆိုင်ကယ်များဖြင့် လှည့်လည်ကာ ရေကစားသူများလည်းရှိသည်။ "ငြုတ်သီးပါရင်တော့ အားနာ၊ စိတ်မဆိုးတတ်ဘူးမို့လား" ဟူ၍ မုန့်လုံးရေပေါ်များ ကျွေးမွေးကြရင်း ချစ်ခင်ရင်းနှီးစွာ
စနောက်သူများလည်းရှိသည်။ "ဟောဟော ဟော့တော့... ဖြန်းခနဲဆို၊ ပက်လိုက်တာရှင့်၊ ရေရေတွေရွှဲကုန်ပြီ" ဟူသည့်အတိုင်း ရေစိုအလှဖြင့် ပျိုမေတို့ကို သူတို့နဂိုနေအလှများကို ဖော်ထုတ်ကြသော သင်္ကြန်ပွဲလည်းဖြစ်ပါသည်။ သင်္ကြန်ပွဲတော်ဆင်ယင်ကျင်းပပုံမှာ ကုသိုလ်လည်းရ ပျော်လည်းပျော်ကြရသောနည်းလမ်းပင်ဖြစ်ပါသည်။
၄▫️ပွဲတော်များအနက် သင်္ကြန်ပွဲတော်ကို နှစ်သက်ရသောအကြောင်း များစွာရှိပါသည်။ ရက်ရှည်ကျင်းပသောပွဲတော်ဖြစ်ခြင်း၊ အသက်ဂုဏ်ဝါကြီးသူတို့အား ပူဇော်ကန်တော့ခွင့်ရခြင်း၊ ဘုရားသွားကျောင်းတက် ကုသိုလ်ယူနိုင်ခြင်း၊ ယိမ်းအဖွဲ့ကဲ့သို့အဖွဲ့များတွင် ပါဝင်ရင်း လူမှုအသိုင်းအဝိုင်းကျယ်ပြန့်လာခြင်း၊ ဆွေမျိုးမိတ်ဆွေတို့နှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာခြင်းစသောအကြောင်းများသည် သင်္ကြန်ပွဲတော်ကို နှစ်သက်ရခြင်း အကြောင်းရင်းများဖြစ်ပါသည်။ အကျနေ့တွင် မဏ္ဍပ်ထိုင်ကာ ဂီတစည်းချက်အတိုင်းကခုန်၍ ရေပက်နိုင်သည်။ အကြတ်နေ့တွင် ကားဖြင့်လှည့်၍ မဏ္ဍပ်များတွင် တင်ဆက်သော အဆိုအကများကို ကြည့်ရှုခံစားနိုင်သည်။ "ဖြူဖြူပြာပြာ နီနီဝါဝါဝေဆာမြူး"နေသော ယိမ်းအကများကိုကြည့်ရှုနိုင်သလို စင်ပေါ်ကအဆိုတော်နှင့်အတူ "အမဲလိုက်အက ခွန်အားရှိမှ ရှုံးနိမ့်သူ လဲကျမယ်" ဟုလိုက်ဆိုရင်း ကခုန်မြူးနိုင်သေးသည်မဟုတ်ပါလား။ အတက်နေ့တွင် လမ်းလျှောက်သင်္ကြန်တွင် အေးအေးလူလူ လည်ရင်း ရေးဖလားနဲ့ ရေပက်နိုင်သည်။ စတုဒိသာမဏ္ဍပ်များတွင် စားသောက်နိုင်သေးသည်။ နှစ်ဆန်းတစ်ရက်နေ့တွင် ဘုရားကျောင်းကန်စေတီပုထိုးများသို့သွားရောက်ကာ ကုသိုလ်ယူနိုင်သည်။သင်္ကြန်ပွဲတော်သည် ဤသို့ တစ်နေ့တစ်မျိုးမရိုးရအောင် နွှဲပျော်နိုင်သော ပွဲတော်ဖြစ်၍ နှစ်သက်စရာကောင်းပါသည်။
၅ (နိဂုံး)▫️သင်္ကြန်ပွဲတော်သည် မြန်မာ့ရိုးရာပွဲတော်ဖြစ်သည်သာမက မြန်မာတို့၏ အသည်းနှလုံးကို အလှုပ်ခတ်နိုင်ဆုံး ဖြစ်ပေသည်။ ကမ္ဘာ့မြေပုံပေါ်တွင် မြန်မာနိုင်ငံတည်ရှိနေသမျှကာလပတ်လုံး မြန်မာတို့သည် အမိမြန်မာနိုင်ငံတော်တွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို တစ်နှစ်တစ်ကြိမ် ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေမည်သာ ဖြစ်ပေသည်။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် မြန်မာတို့၏ ပွဲချစ်စိတ်ကိုလည်းကောင်း၊ အနုပညာမြတ်နိုးစိတ်ကိုလည်းကောင်း မြင်တွေ့နိုင်ပေသည်။ ထို့ပြင် မြန်မာတို့၏ အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်တတ်မှု၊ စည်းလုံးညီညွတ်မှု၊ ဘာသာရေးကိုင်းရှိုင်းမှုစသော မြန်မာ့တန်ဖိုးများကိုလည်း မြင်တွေ့နိုင်ပေသည်။ မြန်မာရိုးရာသင်္ကြန်ပွဲတော်သည် ကမ္ဘာ့ရိုးရာပွဲတော်များအနက် တစ်မူထူးခြားဆန်းသစ်သော ရိုးရာပွဲတော်ဖြစ်ပြီး မြန်မာတို့၏ အနှစ်သက်ဆုံး ရိုးရာပွဲတော် ဖြစ်ပါသည်။ ။
_______
Comments
Post a Comment