သုံးခွန်းစကား ရင်ဝယ်ထား

 သုံးခွန်းစကား ရင်ဝယ်ထား


📕📕📕📕📕📕📕📕📕


လွန်လေပြီးသောအခါကသူကြွယ်တစ်ဦး၏သားဖြစ်သူ လုလင်ငယ်တစ်ဦးသည် တက္ကသိုလ်ပြည်၊ ဒိသာပါမောက္ခဆရာကြီးထံမှာ သုံးနှစ်သုံးမိုး ပညာသင်ယူခဲ့သည်။ ပညာပြည့်စုံပြီဖြစ်၍ မိမိနေရပ်သို့ ပြန်တော့မည့် လုလင်ငယ်က ဆရာကြီးကို နှုတ်ဆက်စကားဆိုလိုက်သည်။


"ဆရာကြီး....ကျွန်တော့်ကို ပြန်ခွင့်ပြုပါ "


ထိုအခါ ဒိသာပါမောက္ခဆရာကြီးက လုလင်ငယ်အားအသပြာသုံးရာကို ယူမည်လား၊ စကားကောင်းသုံးခွန်းကို ယူမည်လားဟုမေးလိုက်သည်။လုလင်ငယ်က အသပြာသုံးရာကို အလိုမရှိပါ၊ စကားကောင်းသုံးခွန်းကိုသာ ချီးမြှင့်ပေးပါဟုတောင်းဆိုလိုက်သည်။ ဆရာကြီးက စကားကောင်းသုံးခွန်းကို ပြောပြလိုက်သည်။


မစူးမစမ်း အပြစ်မတင်ရာ၊

မမေးမမြန်း အမျက်မထွက်ရာ၊

 အရာရာကို စူးစမ်းဆင်ခြင်ရာ၏ 

 

လုလင်ငယ်သည် ဆရာကြီး၏စကားကောင်း သုံးခွန်းကို မှတ်သားခဲ့ပြီး တက္ကသိုလ်ပြည်မှ ပြန်လာခဲ့သည်။ 


 နေအိမ်သို့ရောက်သော် စကားကောင်းသုံးခွန်းကို ရွှေအက္ခရာနှင့် ရေးသားပြီး အိမ်တံခါးဝမှာ ချိတ်ဆွဲထားလိုက်သည်။ ထို့နောက်လုလင်ငယ်သည် မိခင်ဖခင်တို့က လက်ထပ် ထိမ်းမြားပေးသဖြင့် ဇနီးရရှိခဲ့သည်။ 


 တစ်နေ့တော့ လုလင်ငယ်သည် ကုန်ရောင်းကုန်ဝယ်ဖြင့် ပင်လယ်ခရီးထွက်ခဲ့၏။ 

 လုလင်ငယ်ထွက်သွားပြီးနောက် အိမ်မှာကျန်ခဲ့သည့်ဇနီးမှာ ကိုယ်ဝန်အရင့်အမာရှိရာမှ သားယောင်္ကျားလေးတစ်ဦးကို ဖွားမြင်ခဲ့သည်။


လုလင်ငယ်သည်(၁၆)နှစ်ကြာမှ အိမ်သို့ပြန်

လာခဲ့ရာ အိပ်ခန်းတွင် ဇနီးဖြစ်သူနှင့် သားတို့ အိပ်နေသည်ကို မြင်လေသော် ဇနီးဖြစ်သူသည် သူတစ်ပါးနှင့် ဖောက်ပြန်နေသည်ဟု ထင်ကာ ဓါးကိုထုတ်ကာခုတ်ရန်ရွယ်ထားစဉ် တံခါးဝမှာချိတ်ဆွဲထားသည့် စကားကောင်းသုံးခွန်းကို မြင်သည့်အတွက် မခုတ်သေးဘဲ အိမ်ရှိကျွန်

များကို မေးမြန်းကြည့်သောအခါအိပ်နေသူတို့မှာ ဇနီးဖြစ်သူနှင့်သားဖြစ်ကြောင်းကို သိလိုက်ရ

သည်။ ထို့ကြောင့် လုလင်ငယ်သည်


"ဪငါဟာ ဆရာ ပြောလိုက်တဲ့စကားသုံးခွန်းကို မနာခံဘဲမစူးမစမ်းလုပ်လိုက်ရင် ငါ့သားနဲ့ငါ့

ဇနီးတို့ဟာ သေကြေပျက်စီးတော့မှာပဲဆရာရဲ့စကားကောင်းသုံးခွန်းအတိုင်း စူးစမ်းဆင်ခြင်မိလို့ပဲငါ့သားနဲ့ဇနီးဟာ အသက်မသေဘဲ ရှိရပေတယ်"


 ဟု တွေးကာ ဆရာကြီးကို ရည်မှန်းပြီး ကန်တော့လိုက်သည်။ 


 ထိုဖြစ်ရပ်ကို ထောက်ရှုပြီးရှေးလူကြီးသူမများကမစူးမစမ်း အပြစ်မတင်ရာ၊မမေးမမြန်း အမျက်မဆင်ရာ၊ စူးစမ်းဆင်ခြင်ရာ၏ ဟူသော ဆိုရိုးစကားကိုထားခဲ့ကြသည်ဖြစ်သတည်း။ ။ 

 

 မောင်မြတ်သာ(အမြင့်-ချောင်းဦး)

 

 ချိုးရုပ် အွန်လိုင်းမဂ္ဂဇင်း

အတွဲ(၁)၊အမှတ်(၅)၊အောက်တိုဘာလ၊၂၀၂၁ခုနှစ်



Comments

Popular posts from this blog

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ

G12စနှစ်သစ်မေးခွန်းပုံစံ