စိတ်စေတနာသည်သာ အဓိက
စိတ်စေတနာသည်သာ အဓိက
📒📒📒📒📒📒📒📒📒📒
ဟိုးရှေးအခါက ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီး စိုးစံနေစဉ် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်ပြီး အရွယ်ရောက်သော် ဟိမဝန္တာတောတွင် ရသေ့ပြုကာ အဘိညာဉ်သမာပတ်တို့နှင့် ပြည့်စုံသော ရသေ့တစ်ပါးအဖြစ် သီတင်းသုံးတော်မူနေလေတယ်။ဟိမဝန္တာတောတွင် သီတင်းသုံးတာ အချိန်ကာလတစ်ခုသို့ ရောက်လို့ ဟိမဝန္တာတောမှ ထွက်ခွာလာစဉ် ရွာတစ်ရွာအရောက်တွင် ခေတ္တသီတင်းဖို့ ရွာသားများမှ ကျောင်းဆောက်၍ ကိုးကွယ်ထားလေတယ်။
ထိုရွာတွင် ငှက်မုဆိုးတစ်ယောက်သည် ခါတိန်ညင်တစ်ကောင်ဖြင့် အခြားခါများကို တည်ကာ ဖမ်းယူလေ့ရှိပါတယ်။ ထိုတည်ကြက်အဖြစ်အသုံးချခံရသော ခါတိန်ညင်မှာ မိမိကြောင့် အခြားမျိုးနွယ်တူ ငှက်များ ပျက်စီးရသည်ကို မြင်သဖြင့် အသံမပြုမိအောင် ဆိတ်ဆိတ်နေသော် မုဆိုးမှာ သူအသံတိတ်နေသည်ကို လုံးဝအလိုမကျ။သို့နှင့် အသံထွက်စေရန် အသံထွက်မှသာလည်း အခြားငှက်များကို ဖမ်းမိနိုင်မှာဖြစ်သည့်အတွက် အသံမထွက်မချင်း ဝါးခြမ်းစိတ်ဖြင့် ရိုက်နှက်ခြင်း ပြုလေတယ်။ ဘယ်လောက်ပဲ အသံတိတ်နေသည်ဆိုသော်လည်း ဝါးခြမ်းပြားဖြင့် အရိုက်ခံရသော ခါလေးမှာ နာကျင်မှုကြောင့် အသံထွက်လာရလေတယ်။ ထိုအခါ အခြားခါငှက်များမှာ ဖမ်းဆီးခံရပြန်လေတယ်။
ထိုအဖြစ်နှင့်ပတ်သက်ပြီး ခါငှက်လေးမှာ လွန်စွာစိတ်မကောင်းဖြစ်ရလေတယ်။ ဒီအဖြစ်အပျက်နှင့် ပတ်သက်ပြီးလည်း သူ့တွင် အပြစ်ရှိမရှိကို သိလိုလာပါတယ်။ မည်သူ့ထံ မေးမြန်းရမည်ကို အမြဲစဉ်းစားလျက်ရှိပြီး တစ်နေ့ ငှက်မုဆိုး၏ ခါတည်ရာမှပြန်လာသော လမ်းတွင် သူနှင့်မုဆိုးတို့ ရေသောက်ရန် ရသေ့ကျောင်းတွင် ခေတ္တနားလေသော် ခါငှက်သည် ဘုရားအလောင်း ရသေ့နှင့်တွေ့လေတယ်။ဒီလိုနဲ့ ခါငှက်လေးမှာ သူသိလိုသမျှကို ရသေ့အားမေးပါတော့တယ်။ အရှင်ဘုရား၊ တပည့်တော်မှာ မျိုးတူခါငှက်တွေကို မုဆိုးဖမ်းမိဖို့ရာ အသံပေးခြင်းအမှုကို ဆောင်ရွက်ပေးရပါတယ်။ တပည့်တော် မလုပ်ချင်၍ အသံတိတ်နေသော်လည်း မရ။ မုဆိုးမှာ အသံမထွက်မချင်းရိုက်လို့ အသံထွက်စေပါတယ်။ အသံထွက်သော် မျိုးတူငှက်များ ပျက်စီးရလေတယ်။ အဲဒီလို ပျက်စီးမှုအတွက် တပည့်တော်မှာ အပြစ်ဖြစ်သလား သိချင်ပါတယ် အရှင်ဘုရား။ လို့မေးလိုက်လေတယ်။
ထိုအခါ ဘုရားအလောင်း ရသေ့က အလို ခါငှက်လေးရယ် မုဆိုးပြုသမျှ သင့်တွင် အပြစ်မဖြစ်နိုင်ပါ။သင်သည် မုဆိုး၏ အမှုကိစ္စ၌ စိတ်မပါခဲ့လျှင် မုဆိုးကျူးလွန်သော ထို ပါဏာတိပါတာကံသည် သင့်ထံသို့မရောက်နိုင်ပါ။ဒါကြောင့် သင့်တွင် အပြစ်မဖြစ်ပါလေ။ လို့ခါငှက်လေး သိလိုသော အဖြေကို ပေးလိုက်လေတယ်။
ဒီတော့မှ ခါငှက်လေးဟာ စိတ်ချမ်းသာမှု ရသွားလေတယ်။ သူ့အသံကြောင့် မျိုးတူငှက်များ ပျက်စီးရသည်ဟု သောကရောက်နေရခြင်းတို့လည်း ပြေပျောက်သွားလေတယ်။ တကယ်လည်း ခါငှက်များ ဖမ်းမိစေရန် သူစေတနာ မပါခဲ့ပါ။ ဒါကြောင့် ကောင်းမှု မကောင်းမှုပြုရာမှာ စိတ်စေတနာဟာ အင်မတန် အဓိက ကျပါတယ်။ မုဆိုးကျူးလွန်သော အမှုမှာ မုဆိုး၏ မကောင်းသော ဆန္ဒဖြစ်ပြီး ထိုမကောင်းမှု အပေါ်စိတ်မပါခဲ့သော ခါငှက်လေးရဲ့ စိတ်ထားစေတနာမှာ ကုသိုလ်ဖြစ်လေတယ်။အပြစ်မရှိမှန်းသိလိုက်ရတဲ့ ခါငှက်လေးလည်း စိတ်ချမ်းသာစွာဖြင့် နေထိုင်သွားနိုင်တော့တယ်။
ဒီပုံပြင်လေးကနေ ပေးချင်တဲ့အသိကတော့ မည်သည့်အမှုကိစ္စမဆို ပြုလုပ်ရာမှာ စိတ်စေတနာသည် အဓိက အကျဆုံးဖြစ်ပြီး စိတ်စေတနာ ကောင်းခြင်း ဆိုးခြင်း အပေါ်မူတည်လို့ ကုသိုလ်၊ အကုသိုလ် ကွဲပြားသွားရတာပဲ ဖြစ်ပါတယ်။
#Cartoon_Bakery Tuesday_Story
#ပြန်လည်မျှဝေခြင်း
Comments
Post a Comment