သံကို ကြွက်စား၍ သားကို စွန်ချီ
သံကို ကြွက်စား၍ သားကို စွန်ချီ
ဗာရာဏသီပြည်တွင် ဘုရားအလောင်းတော် တရားသူကြီးဖြစ်သောအခါ အမျိုးသား နှစ်ယောက်တို့သည် အဆွေခင်ပွန်းဖွဲ့၍ ကုန်သွယ်ကြသော် တယောက်သော သူသည် အကောက်ကြံ လျက်- ဖက်စပ်၍ ရောင်းသော သံကို ကြွက်စားခဲ့ပြီ- ဟု ကုန်ရင်းဘက် ဖြစ်သော သူအား ပြော၏။
ကုန်ရင်းဘက်ဖြစ်သော သူလည်း- စားစေဦးတော့-ဆို၍ အတန်ငယ်နေပြီးလျှင် အကောက်ကြံ သော သူ၏သားကို အဘ ရှေ့တွင် ခေါ်၍ ရေချိုးသွားလေ၏။ ကုန်ရင်းဘက်ဖြစ်သော သူသည် သားငယ်ကို ဝှက်၍ ထားပြီးမှ အိမ်သို့ လာခဲ့သော် အဘဖြစ်သူက- ငါ့သား ဘယ်မှာနည်း-ဟု မေး၏။ အရှင်။ အရှင့် သားကို စွန်ချီ၍ သွားသည်။ ငါ လိုက်၍ ခြိမ်းချောက်ပါသော်လည်း မချမူ၍ အရပ်တပါးသို့ ပျံသွားလေပြီ- ဟု ပြော၏။
ထိုသူငယ့် အဘသည်- ငါ့သားကို စွန်ချီရာသလော။ တရားဆင်မည်- ဟု ဘုရားလောင်းအထံသို့ သွား၍ တရားဆင်၏။ ဘုရားလောင်းလည်း ကုန်ရင်းဘက်ဖြစ်သော သူကို - ဟုတ်ပေသလော-ဟု မေး၏။ ကုန်ရင်းဘက် ဖြစ်သော သူသည် -အရှင် တရားသူကြီး။ သံကို ကြွက်စားက သားကို စွန်ချီတော့သည်-ဟု ဆိုလေ၏။
ဘုရားလောင်း တရားသူကြီးသည် ထိုသူတို့၏စကားနှစ်ရပ်ကို ဆင်ခြင်သော်- ဤလူတို့သည် အကောက်လျှင် အကောက်ချင်း ကြံသည် ဖြစ်ရာ၏- ဟု ဉာဏ်ဖြင့် ဆင်ခြင်လျက်- သားရှင်သို့ သားကို အပ်စေ။ သံရှင်သို့ သံကို အပ်ပေ-ဟု ဆိုလျှင် ကုန်ရင်းဘက်ဖြစ်သောသူက - သံကို ကြွက်မစားက သားကို စွန်မချီသည်- ဟုဆို၍ သားကို အပ်၏။ အကောက်ကြံသော သူကိုလည်း ကုန်ရင်းဘက်ဖြစ်သော သူအား သံကို အပ်စေ၏။
မဏိရတနာပုံကျမ်း
(ရွှေသွေးဂျာနယ်များပေ့ချ်မှ စတုတ္ထတန်းမြန်မာဖတ်(ဦးဝန်နှင့် ဉီးဘရေးသည်)စာအုပ်ကို ပြန်လည် စာစီ စာရိုက်သည်။)
ကလေးတ္ထုနှင့် ပုံပြင်များစုစည်းမှုပေ့ချ်မှ စာစီ၍ ပြန်လည်မျှဝေသည်။ စာစီအမှားများ ပါခဲ့လျှင် ကျွန်တော် ၏ ညံ့ဖျင်းမှုသာဖြစ်ပါသည်။
Comments
Post a Comment