မင်းသားနှင့် တမာရွက်
မင်းသားနှင့် တမာရွက်
လွန်လေပြီးသောအခါ ဗာရာဏသီ မင်းမှာ သားတော်တပါးရှိ၏။ ထိုသားတော်သည် အမျက်ကြီး၏။ ရုန့်ရင်းကြမ်းကြုတ်၏။ တုတ်ဖြင့် အရိုက်ခံရသော မြွေဟောက်ကဲ့သို့ အမျက်ထွက်၏။ ထိုသားတော်ကို မယ်တော် ခမည်းတော်တို့သည်လည်း ဆုံးမ၍မရ။ အခြားသော ဆွေမျိုးတို့သည်လည်း ဆုံးမ၍ မရကြကုန်။
တနေ့သောအခါ မင်းသည် သားတော်ကို ခေါ်၍ ဉယျာဉ်တော်သို့ သွား၏။ ထိုဉယျာဉ်၌ကား မင်း ကိုးကွယ်သော မင်းဆရာ ရသေ့သည် ရှိ၏။ ထိုရသေ့သည် ပညာရှိ၏။ သီလရှိ၏။ ထိုဆရာရသေ့ ဆုံးမမှသာလျှင် ထိုသားတော်လိမ္မာတော့မည်ဟု သားတော်ကို ရသေ့ထံသို့ ခေါ်သွားခြင်းဖြစ်၏။
ရသေ့ထံသို့ ရောက်သောအခါ -အရှင်ဘုရား၊ ဤမင်းသားသည် အမျက်ကြီး၏။ ရုန့်ရင်းကြမ်းကြုတ်၏။ တပည့်တော်တို့ ဆုံးမ၍ မရပါ။ အရှင်ဘုရားတို့သည် ဆုံးမပါကုန်လော့- ဟု သားတော်ကို ရသေ့အား အပ်နှင်းခဲ့၍ ပြန်ခဲ့၏။
ရသေ့လည်း မင်းသားကို မည်သို့ ဆုံးမရပါမည်နည်း- ဟု စဉ်းစားကာ တခုသော နံနက်အချိန်တွင် မင်းသားကိုခေါ်၍ ဉယျာဉ်ထဲ၌ လှည့်လည်သွားလာ၏။ တနေရာသို့ ရောက်သောအခါ အရွက် နှစ်ရွက်သာရှိ၍ ပေါက်ခါစ ဖြစ်သော တမာပင်ငယ်ကို မြင်လျှင် မင်းသားအား ဤသို့ဆို၏။ မင်းသား၊ ဤသစ်ရွက်ကို စား၍ အရသာကို မြည်းကြည့်စမ်းပါ-ဟု ဆို၏။ မင်းသားသည် သစ်ရွက်တရွက်ကို ခူး၍ ဝါးသည်ရှိသော် ခါးလှသောကြောင့် ထွီဟူ၍ ထွေး၏။ မင်းသား၊ အဘယ်ကြောင့် ထွေးသနည်း-ဟု ရသေ့က မေး၏။ အရှင်ဘုရား၊ ဤသစ်ပင်သည် ပေါက်ခါစမျှ ဖြစ်သော်လည်း ခါးလှစွာ၏။ ကြီးသောအခါတွင်ကား မည်သို့ ဖြစ်ပါလိမ့်မည်နည်း။ ဤသစ်ပင်၏ အရွက်တို့သည် အဆိပ်နှင့်တူပါသည်-ဟု လျှောက်၍ တမာပင်ငယ်ကို နုတ်ကာ လက်ဖြင့်ချေ၏။
ထိုအခါ ရသေ့သည် မင်းသားအား ဤသို့ ဆုံးမ၏။ မင်းသား၊ ဤတမာပင်သည် ယခုပင် ဤမျှ ခါး၏။ ကြီးသောအခါ မည်သို့ဖြစ်လိမ့်မည်နည်း-ဟု ဆိုကာ သင်သည် တမာပင်ကို နုတ်၍ ချေ၏။ သင်သည်လည်း ယခုငယ်စဉ်ပင် ဤမျှ ရုန့်ရင်းကြမ်းကြုတ်၏။ ကြီးသောအခါ မည်သို့ ဖြစ်လိမ့်မည်နည်းဟု တိုင်းသူပြည်သားများကဆို၍ သင့်ကို တိုင်းပြည်က နှင်ထုတ်ခဲ့သော် မခက်ပါလော။ ထို့ကြောင့် သင်မင်းသားသည် ယနေ့မှစ၍ သည်းခံပါ။ ချစ်ခင်ပါ။ သနားပါ-ဟု ဆုံးမ၏။
ထိုအခါမှစ၍ မင်းသားသည် အရာရာတွင် သည်းခံ၏။ ချစ်ခင်၏။ သနား၏။ ခမည်းတော် လွန်သောအခါ မင်းအဖြစ်သို့ ရောက်လေသတည်း။
(ရွှေသွေးဂျာနယ်များပေ့ချ်မှ ဒုတိယတန်းမြန်မာဖတ်(ဦးဝန်နှင့် ဉီးဘရေးသည်)စာအုပ်ကို ပြန်လည် စာစီ စာရိုက်သည်။)
ကလေးတ္ထုနှင့် ပုံပြင်များစုစည်းမှုပေ့ချ်မှ စာစီ၍ ပြန်လည်မျှဝေသည်။ စာစီအမှားများ ပါခဲ့လျှင် ကျွန်တော် ၏ ညံ့ဖျင်းမှုသာဖြစ်ပါသည်။
Comments
Post a Comment