ကြွက်သေတခု အရင်းပြု

 ကြွက်သေတခု အရင်းပြု


 ရှေးသရောအခါ အလောင်းတော်သည် ဗာရာဏသီပြည်၌ စူဠသေဌိ အမည်ရှိသော သေဌေး ဖြစ်၏။ တနေ့သ၌ သေဌေးသည် နန်းတော်သို့ သွားရာလမ်းတွင် ကြွက်သေတကောင်ကို တွေ့၍ -ဉာဏ်ရှိသောသူသည် ဤကြွက်သေကို အရင်းပြု၍ ပစ္စည်းရှာလျှင် ကောင်းစားလတ္တံ့-ဟု ဆို၏။ ထိုသို့ ဆိုသည်ကို အမျိုးသား တဦးသည် ကြား၏။ 


 အမျိုးသားသည် ကြွက်သေကို ကောက်၍ ဈေးသို့ သွားပြီးလျှင် ကြောင်စာအဖြစ် ရောင်းရာ အသပြာ တချင်ရွေး ရ၏။ ထိုတချင်ရွေးဖြင့် တင်လဲဝယ်၍ သောက်ရေအိုးတည်လျက် ပန်းခြံမှလာသော ပန်းသည်တို့အား တင်လဲကျွေး၍ ရေတိုက်၏။ ပန်းသည်တို့လည်း ကျေးဇူးတင်သဖြင့် အမျိုးသားအား ပန်းတဆုပ်စီ ပေးကုန်၏။ ထိုပန်းတို့ကို ရောင်းသော် ငွေရပြန်၏။ ထိုငွေဖြင့် ပန်းသည်တို့အား တိုက်ကျွေးပြန်၏။ ပန်းသည်တို့က ကျေးဇူးတင်သဖြင့် ပန်းပေးပြန်၏။ ဤနည်းဖြင့် အမျိုးသားသည် မကြာခင် ရှစ်သပြာတို့ကို ရ၏။ 


 တနေ့သော အခါ လေပြင်းတိုက်၍ မင်းဉယျာဉ်၌ သစ်ကိုင်း သစ်ခက်တို့သည် ကျိုးပဲ့ကာ အနှံ့အပြား ကျကုန်၏။ ဉယျာဉ်စောင့်လည်း မရှင်းပဲ ထား၏။ ဤအခြင်းအရာကိုမြင်သော အမျိုးသားသည် ဉယျာဉ်စောင့်ထံသို့ သွား၍ - ဤသစ်ကိုင်း သစ်ခက်တို့ကို ကျွန်တော် ရှင်းပေးပါမည်။ ကျွန်တော်အား ပေးပါဟု- တောင်း၏။ ဉယျာဉ်စောင့်လည်း အလွယ်တကူပင် ပေး၏။ ထိုအခါ အမျိုးသားသည် သူငယ်တို့ကို တင်လဲ ပေး၍ ဉယျာဉ်ကို အရှင်းခိုင်း၏။ သူတို့သည် ဉယျာဉ်ကို ရှင်း၍ သစ်ကိုင်း သစ်ခက်တို့ကို ဉယျာဉ်တွင် စုပုံပေး၏။ မင်း၏အိုးတော်လုပ်သည် သစ်ကိုင်းသစ်ခက်အပုံကို မြင်လျှင် အိုးဖုတ်ရန် ထင်းအလို့ငှါ တဆယ်ခြောက်သပြာပေး၍ အမျိုးသားထံမှ ဝယ်ယူ၏။ 


 ထို့နောက် အမျိုးသားသည် သောက်ရေအိုးတည်၍ မြက်ရိတ်သမား ငါးရာတို့အား သောက်ရေ ပေး၏။ မြက်ရိတ်သမားတို့လည်း ကျေးဇူးတင်သဖြင့် မြက်ထုံး တထုံးစီး ပေးသောကြောင့် မြက်ထုံးငါးရာ ရလေ၏။ ထိုမြက်ထုံးတို့ကို မြင်းကုန်သည်တို့အား ရောင်းပြန်သော အခါ အသပြာ တထောင်ရလေ၏။ 

 နှစ်ရက် သုံးရက် လွန်သောအခါ အမျိုးသားသည် ရေဆိပ်သို့ ဆင်း၍ လှေသင်္ဘောဖြင့် ရောက်လာသော ကုန်တို့ကို ဝယ်ယူ ရောင်းချသည်။ အမြတ်ကြီးစွာ ရလေ၏။ ထိုသို့ အကြိမ်ကြိမ် ဝယ်ယူ ရောင်းချဖန် များလတ်သော် အသပြာ နှစ်သိန်း ပိုက်မိလေသည်။ ထိုအခါ အမျိုးသားသည် ကျေးဇူးဆပ်ရန် စူဠသေဌိ သေဌေးထံသို့ သွား၍ - အရှင်သေဌေး ဆိုသည့် အတိုင်း ကြွက်သေကို အရင်းပြုလျက် ပစ္စည်းရှာပါသည်။ လေးလအတွင်း၌ အသပြာ နှစ်သိန်း ရပါ၏။ တသိန်းကို အရှင်သေဌေးအား ကျေးဇူးဆပ်သော အားဖြင့် ကန်တော့ပါသည်-ဟု ဆို၏။ သေဌေးလည်း အမျိုးသား၏ လုပ်ရည် ကိုင်ရည်ကို သဘောကျသဖြင့် သမီးပေးကာ သမက် ပြုလိုက်လေသတည်း။ 


 ငါးရာငါးဆယ်ဇာတ်


(ရွှေသွေးဂျာနယ်များပေ့ချ်မှ  စတုတ္ထတန်းမြန်မာဖတ်စာ(ဦးဝန်နှင့် ဉီးဘရေးသည်)စာအုပ်ကို ပြန်လည် စာစီစာရိုက်သည်။)

ကလေးတ္ထုနှင့် ပုံပြင်များစုစည်းမှုပေ့ချ်မှ စာစီ၍ ပြန်လည်မျှဝေသည်။ စာစီအမှားများ ပါခဲ့လျှင် ကျွန်တော် ၏ ညံ့ဖျင်းမှုသာဖြစ်ပါသည်။



Comments

Popular posts from this blog

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ

G12စနှစ်သစ်မေးခွန်းပုံစံ