ကြွားဝါတဲ့မှော်ဆရာ
ကြွားဝါတဲ့မှော်ဆရာ
👍👍👍👍👍👍👍
ဟိုးရှေးရှေးတုန်းက ရှန်ကာဆိုတဲ့ မှော်ဆရာတစ်ယောက်ရှိသတဲ့။ ရှန်ကာဟာ ထူးခြားတဲ့ မှော်အစွမ်းတွေကြောင့် အလွန်ကျော်ကြားတယ်တဲ့ကွယ်။ သူရဲ့အထူးခြားဆုံး မှော်အစွမ်းကတော့ တစ်နှစ်တစ်ကြိမ် ရွှေမိုးရွာအောင်လုပ်နိုင်တဲ့မှော်အစွမ်းပါတဲ့ကွယ်။ ကောင်းကင်က ကြယ်တွေ တြိဂံပုံစီ သွားပြီး ကြယ်တွေကြားမှာ လရောက်တဲ့အခါမှာ ရှန်ကာက ရွှေမိုးရွာအောင်လုပ်နိုင်သတဲ့။ ရှန်ကာဟာ ဒီမှော်အတတ်ကို သူ့ဆရာ ရမ်ဆီကနေ သင်ယူခဲ့သတဲ့။
ရှန်ကာဟာ ဒီမှော်အစွမ်းကို ကြွားဝါနေတာပေါ့။ ပြီးတော့ သူ့တပည့်တွေကိုလဲ ဒီမှော်အစွမ်းကို လက်ဆင့်ကမ်းပေးဖို့ စိတ်ကူးမရှိဘူးတဲ့ကွယ်။
တစ်နေ့မှာတော့ သူ့တပည့်က" ဆရာ_ _ _ ဆရာ့သူငယ်ချင်း ဘုရင်က သူ့သားတော် နာမည်ပေး ကင်ပွန်းတပ် ဖိတ်ထားတယ်"လို့ ပြောလိုက်ပါတယ်။ ရှန်ကာက "သွားရမယ်_ _ _"လို့ ပြောလိုက်တာပေါ့။ ဒါကို သူ့တပည့်က " အဲဒီနေ့မှာ ရွာထဲမှာ ပွဲတက်ရဦးမယ်_ _ _ ဆရာ သွားလို့မဖြစ်ဘူး"လို့ ပြောလိုက် တဲ့အခါ "ရွာရဲ့ပွဲက နှစ်တိုင်းရှိနေမှာ _ _ _ ငါ့သူငယ်ချင်းဘုရင် နှစ်တိုင်း သားတစ်ယောက် မရနိုင်ဘူး_ _ _ဒါကြောင့် ရွာထဲက ပွဲကို မင်းတို့သွားကြ"လို့ ပြောလိုက်သတဲ့။
ရှန်ကာဟာ သူ့သူငယ်ချင်းဘုရင့်ဆီကို တစ်ယောက်ထဲ ထွက်လာလိုက်တာ တောအုပ် တစ်ခုကို ရောက်လာပါတယ်။ အဲဒီအချိန်မှာ ရှန်ကာဟာ " ဪ_ _ _မေ့နေလိုက်တာ_ _ _ ဒီည က ကြယ်တွေ တြိဂံပုံစီမယ့်ညပဲ_ _ _ ငါ့ရဲ့မှော်အစွမ်းနဲ့ ရွှေမိုးရွာအောင်လုပ်ရမယ်_ _ _ ငါ့အတွက် ဘေးကင်းလုံခြုံမဲ့နေရာကောင်း ရှာဦးမှပဲ"လို့ တွေးလိုက်ပါတယ်။
ဒီလိုနဲ့ ရှန်ကာဟာ ဘေးကင်းလုံခြုံတဲ့နေရာကို တွေ့လိုက်ပါတယ်။ အဲဒီနေရာမှာ ရွှေမိုးရွာ အောင်လုပ်ဖို့ မီးဖိုပြီး အာရုံပြုပါတော့တယ်။ ဂါထာတွေလဲ ရွတ်ဆိုပြီး အလုပ်ရှုပ်နေပါတော့တယ်။ အဲဒီ အချိန်မှာ ရှန်ကာဖိုထားတဲ့ မီးဖိုက ဓါးပြတွေကို အချက်ပြသလို ဖြစ်သွားတာကြောင့် ဓါးပြတွေ ရောက် လာပြီး ရှိတာပေးဖို့ ပြောတော့တာပေါ့။ ရှန်ကာက ဘာမှမရှိကြောင်းပြောပေမဲ့ ဓါးပြက ဘာမှ မရှိရင် အသက်ရှင်ခွင့်မရှိဘူးလို့ပြောပြီး ရှန်ကာရဲ့လည်ပင်းပေါ်ကို ဓါးတင်လိုက်ပါတယ်။ ရှန်ကာလဲ လန့်ဖျပ် သွားတာပေါ့။
ဒါကြောင့် ရှန်ကာက ရွှေလိုချင်ရင် ရွှေမိုးရွာအောင် လုပ်ပေးနိုင်တယ်ဆိုတဲ့အကြောင်း ပြောလိုက် တော့သတဲ့။ ဓါးပြတွေက ဒါကို မယုံကြည်ဖြစ်သွားပြီး သူတို့မယုံကြောင်းပြောလိုက်ပါတယ်။ အရင်ထဲက အစွမ်းတွေပြချင်နေတဲ့ရှန်ကာက ခဏစောင့်ပါလို့ ပြောတဲ့အခါ ဓါးပြတွေက ရွှေမိုးမရွာရင်တော့ အသတ်ခံရမယ်လို့ ကြိမ်းဝါးပြီး ရွှေမိုးရွာအောင်လုပ်ဖို့ သဘောတူလိုက်သတဲ့။
ရှန်ကာဟာ ဓါးပြတွေနဲ့ သဘောတူညီမှုရပြီးတဲ့အခါ သူ့အစွမ်းနဲ့ ရွှေမိုးရွာအောင် လုပ်ပါတော့ တယ်။ ရှန်ကာဟာ ဂါထာတွေ တတွတ်တွတ်ရွတ်ပြီးတဲ့နောက်မှာ ရွှေမိုးတွေရွာလာပါတယ်။ ဓါးပြတွေလဲ အံ့ဩသွားတာပေါ့။ ဓါးပြတွေက ရွှေဒင်္ဂါးတွေကို အိတ်နဲ့ထည့်ယူကြပါတော့တယ်။ ဓါးပြတွေဟာ ရွှေတွေရပြီး ပြန်မယ်အလုပ်မှာ ကြွားဝါချင်တဲ့ရှန်ကာက" မြင်ပြီလား ငါက ထူးခြားတဲ့မှော်ဆရာ တစ်ယောက်ဆိုတာ" လို့ ပြောလိုက်သတဲ့။
အဲဒီအချိန်မှာ ဓါးပြတွေက စိတ်ပြောင်းသွားပြီး ရှန်ကာ့ကို နောက်ထပ်ရွှေမိုးရွာအောင်လုပ်ခိုင်းဖို့ သူတို့နဲ့ခေါ်သွားဖို့ လုပ်ပါတော့တယ်။ ရှန်ကာလဲ " မလိုက်ဘူး_ _ _ ငါက တစ်နှစ်တစ်ခါပဲ ရွှေမိုးရွာ အောင်လုပ်နိုင်တာ"လို့ ပြောလိုက်သတဲ့။ ဓါးပြတွေလဲ "ဒီလိုဆို ဒီနှစ်အတွက် ရွှေမိုးရွာအောင် လုပ်ပြီးပြီဆိုတော့ ငါတို့အတွက် အသုံးမဝင်တော့ဘူး"လို့ ပြောကာ ရှန်ကာ့ကို သတ်ပစ်လိုက်ကြသတဲ့။ ဓါးပြတွေဟာ ရှန်ကာတောင်းပန်တာကိုတောင် နားမထောင်ဘူးတဲ့ကွယ်။ ပုံပြင်လေးကတော့ ဒါပါပဲ ကွယ်။
ရှန်ကာဟာ သူ့ရဲ့မှော်အစွမ်းကို မကြွားဝါရင် အသက်ရှင်နေဦးမှာပါ။ လူအများအထင်ကြီး တာကို ခံချင်တဲ့သူ့အကြောင့်ကြောင့် သေဆုံးသွားရတာပါ။ ဒါကြောင့် ကွှားဝါွခငျးဟာ အကျိုးမရှိဘူးလို့ ဆိုထားတာပေါ့ကွယ်။ ။
(Telugu Story )ကို ဘာသာပြန်ဆိုပါသည်။
နန္ဒမန်းကြယ်(တွင်းငယ်)
# ကလောင်အမည်ဖျောက်ကာ ကူးယူခြင်းမျိုး ခွင့်မပြုပါ။
#နောက်ထပ်ပုံပြင်တွေ ဖတ်ရှုချင်တယ်ဆိုရင် ဒီပေ့ချ်လေးကို Like And Follow လုပ်ထားပါနော်။
Comments
Post a Comment