ဖွတ်မရ ဓားမဆုံး
ဖွတ်မရ ဓားမဆုံး
ရှေးရှေးတုန်းက သူဆင်းရဲတစ်ယောက်ဟာ ဓားမတစ်ချောင်းကို စွဲကိုင်ပြီး ဟင်းလျာရှာဖို့ ထွက်ခဲ့သတဲ့။ မြစ်ဆိပ်အနီး တောင်ပို့တစ်ခုနားကို ရောက်တဲ့အခါ တောင်ပို့အတွင်းကို ဖွတ်ကြီးတစ်ကောင် ပြေးဝင်သွားတာကို မြင်တွေ့လိုက်သတဲ့။ ဒါကြောင့် တောင်ပို့အဝကို တူးပြီး ဖွတ်ကြီးထွက်အလာကို စောင့်နေတာပေါ့။ ဒါပေမဲ့ ဖွတ်ကြီးဟာ အဲဒီအပေါက်ကမထွက်ဘဲ အခြားတစ်ပေါက်ကနေ မြစ်ထဲ ပြေးဆင်းသွားတာကို သူဆင်းရဲက မြင်တွေ့လိုက်ရတယ်။ အဲဒီအခါ စိတ်ဆိုးပြီး ဓားမဖြင့် လှမ်းပေါက်လိုက်တဲ့အခါ ဖွတ်ကိုမထိဘဲ ဓားမဟာ မြစ်ထဲကို ကျသွားရောသတဲ့ကွယ်။ အဲဒီတော့ သူဆင်းရဲဟာ ဖွတ်မရဘဲ ဓားမသာ ဆုံးရှုံးသွားတော့တာပေါ့။
တစ်ခါတရံမှာ မိမိတို့ဘဝဝန်းကျင်မှာ မိမိရဲ့လောဘကြောင့်ပဲဖြစ်ဖြစ်၊ လုပ်နည်းကိုင်နည်း မကျွမ်းကျင်လို့ဘဲဖြစ်ဖြစ် ရည်မှန်းထားတာတွေ မရရှိတဲ့အပြင် ရင်းနှီးစိုက်ထုတ်ထားသမျှတွေပါ ဆုံးရှုံးရတဲ့အခြေအနေတွေနဲ့ ကြုံတွေ့ကြရပါတယ်။
မိတ်ဆွေအသစ်ကို အားကိုးတကြီးနဲ့ မျှော်လင့်ပြီး မိတ်ဆွေဟောင်းကို သစ္စာမဲ့စွာ စွန့်ခွာသွားမိတယ်။ မိတ်ဆွေသစ်က မျှော်လင့်သလို မကောင်းဘဲ မိမိအပေါ် အကောက်ကြံတဲ့အခါ မိတ်ဆွေသစ်လည်း မရ၊ မိတ်ဆွေဟောင်းကိုလည်း ဆုံးရှုံးရတာတွေကို ကြုံကြိုက်ရတတ်ပါတယ်။
အဲဒီအခြေအနေမျိုးကို "ဖွတ်မရ၊ ဓားမဆုံး"ဆိုတဲ့ မြန်မာ့စကားပုံနဲ့ခိုင်းနှိုင်းသုံးစွဲတတ်ကြပါတယ်။
မြန်မာစကားပုံတွေကို လူမှုပတ်ဝန်းကျင်မှာ မိမိဆိုလိုချက် ထိမိပေါ်လွင်စေဖို့ အသုံးပြုပြောဆိုလေ့ရှိကြပါ တယ်။ ဒါ့ပြင် မြန်မာစကားပုံတွေ၊မြန်မာ့ရိုးရာတွေဟာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေလည်း ဖြစ်တာမို့ မတိမ်ကော မပျောက်ပျက်အောင် ကလေးတို့လည်း စောင့်ရှောက်ထိန်းသိမ်းသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ကိုးကား- မြန်မာစကားပုံ၊မြန်မာစာအဖွဲ့ဦးစီးဌာန
(၁၈.၁၂.၂၀၂၁)ထုတ် ရွှေသွေးဂျာနယ်အတွဲ၅၃မှ သဇင်ဦး၏''ဖွတ်မရဓားမဆုံး"၊ကို ပြန်လည် စာစီစာ ရိုက်သည်။)
ကလေးတ္ထုနှင့် ပုံပြင်များစုစည်းမှုပေ့ချ်မှ စာစီ၍ ပြန်လည်မျှဝေသည်။ စာစီအမှားများ ပါခဲ့လျှင် ကျွန်တော် ၏ ညံ့ဖျင်းမှုသာဖြစ်ပါသည်။
Comments
Post a Comment