စာလုံးပေါင်းဖတ်ရမယ့်နည်း

 စာလုံးပေါင်းဖတ်ရမယ့်နည်း


စာလုံးပေါင်းဖတ်ရာ၌ ဗျည်းများကို "က ခ ဂ ဃ င" ဟူ၍ အသံမထွက်ရပါ။ "ကကြီး ၊ ခခွေး ၊ ဂငယ် ၊ ဃကြီး" စသည်ဖြင့် အက္ခရာအမည် အပြည့်အစုံရွတ်ဆိုရပါမည်။


ထိုမှတဖန် ဗျည်းနှင့်သရ တွဲ၍-


"ကကြီးရေး လုံးကြီးတင် - ကိ၊ ကကြီးရေး လုံးကြီးတင်ဆန်ခတ် - ကီ - ကိ - ကီ၊ ကကြီးရေး လုံးကြီးတင်ဆန်ခတ် - ကီ - ဝစ္စနှစ်လုံးပေါင်း - ကီး၊ ကိ - ကီ - ကီး" စသည်ဖြင့် စာလုံးပေါင်း ဖတ်ရပါမည်။


စာလုံးပေါင်းဖတ်နည်းကို သင်ကြားပေးမည်ဆိုလျှင် ဗျည်းသရများ သင်္ကေတများ၏ အခေါ်အဝေါ်များ အသံထွက်များကို ဂဃနဏ သိရှိထားရပါမည်။ ထိုသို့ သိရှိထားမှသာ စာလုံးပေါင်းဖတ်နည်းကို အောက်ပါအတိုင်း သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ပါသည်။

-


'ဤခရီးနီးသလား'


အက္ခရာဤ၊ ခကွေးရေး - ခ  ဤ - ခ၊ ရကောက်ရေး လုံးကြီးတင်ဆန်ခတ် - ရီ၊ ဝစ္စနှစ်လုံးပေါက် - ရီး ဤခရီး၊ နငယ်ရေးလုံးကြီးတင်ဆန်ခတ် - နီ - ဝစ္စနှစ်လုံးပေါက် နီး - ဤခရီးနီး၊ သရေ - သ ဤခရီးနီးသ၊ လရေးချ လာ ဝစ္စနှစ်လုံးပေါက် လား၊ ဤခရီးနီးသလား။

-


'အဆောက်အဦ/ အဆောက်အအူ'


အရေး - အ၊ သဝေထိုး ဆလိမ်ရေးချ ကသတ်-ဆောက် - အဆောက်၊ အရေး - အ၊ အက္ခရာဦ - အဆောက်အဦ။


('အဆောက်အဦ' ကို ဝစ္စနှစ်လုံးပေါက်ဖြင့် ရေးလျှင် မှားပါသည်။)

-


'ဦးဦး လာ၏'


အက္ခရာ ဦး - အက္ခရာ ဦး - ဦးဦး၊ လ ရေးချ လာ - ဦးဦးလာ၊ အက်ခရာ ၏ - ဦးဦးလာ၏။


('ဦး' ကို အက္ခရာ ဥ လုံးကြီးတင်ဆန်ခတ် ဦ၊ ဝစ္စနှစ်လုံးပေါက် ဦး ဟု မဖတ်ရပါ။ သီးခြား အက္ခရာသာဖြစ်သည်။)


'ပွဲကြည့်ပါဦး' 'တစ်ချီတစ်ပွဲ နွှဲပါဦး' ဟု ဆိုရာ၌ 'ဦး' ကို 'အုန်း' ဟု အသံထွက်ရပါမည်။

-


'ဩဇာသီးပါ၏'


အက္ခရာဩ - ဇကွဲရေးချ - ဇာ - ဩဇာ၊ သ လုံးကြီးတင်ဆန်ခတ် - သီ ဝစ္စနှစ်လုံးပေါက် - သီး - ဩဇာသီး၊ ပစောက်ရေးချ - ပါ -ဩဇာသီးပါ၊ အက်ခရာ၏ - ဩဇာသီးပါ၏။


('ဩ' ကို 'သရရစ်ဩ' ဟု မဖတ်ရပါ။ ရေးချ နှစ်မျိုးကို 'ဇကွဲဝိုက်ချ - ဇာ' 'ပစောက် မောက်ချ - ပါ' ဟု ခွဲခြားရွတ်ဆိုရန် မလိုပါ။)

  -


'ဪ ယောကျ်ား'


အက္ခရာ ဪ - သဝေထိုး ယပက်လက်ရေးချ - ယော - ကကြီးယပင့် အသတ်ရေးချ ဝစ္စနှစ်လုံးပေါက် - ယောကျ်ား။


'ဪ' သည် "အာမေဋိတ်" ဖြစ်၏။ မြန်မာအဘိဓာန်တွင် ဪ ၊ အာ (အပြော) အံ့သြခြင်း၊ ဝမ်းမြောက်ခြင်း စသည်ကို ခံစားရသည့်အခါ ရုတ်တရက်ထွက်သော အသံ- ဟု ဖွင့်ဆိုထားပါသည်။


(မြန်မာစာရေးသားရာ၌ 'ဪ' အစား 'အော်' ကို လွဲမှားစွာ အသုံးပြုတတ်ကြပါသည်။)


'ယောကျ်ား' ကို ကင်းစီးဖြင့် မရေးရပါ။ ကင်းစီးဖြင့် 'ယောင်္ကျား' ဟု ရေးလျှင် 'ယောင်ကျား' ဟု ဖြစ်သွားပါမည်။


အသတ် 'တံခွန်' ဖြင့် ရေးမှသာ 'ယောက်ကျား' ဟု အသံထွက်ပါသည်။


('ယောကျ်ား' ကို 'သဝေထိုး ယပက်လက်ရေးချ ကသတ်ယောက် - ကကြီးယပင့်ရေးချ - ကျာ၊ ဝစ္စနှစ်လုံးပေါက် - ကျား - ယောက်ကျား" ဟု စာလုံးပေါင်းဖတ်လျှင်

မှားပါသည်။)

-


'ဧည့်သည်'


အက္ခရာဧညသတ် - ဧသည် - အောက်ကမြစ် - ဧည့် ၊ သညသတ် - သည်- ဧည့်သည်။


မြန်မာအဘိဓာန်တွင် 'သမီး ၊ သစ္စာ' တို့တွင်ပါသော သ သံကို 'သ' ချည်းသက်သက်ဖြင့်လည်းကောင်း၊


'သတိ ၊ သတင်း' တို့တွင် ပါဝင်သော သ သံကို 'သဟထိုး' ဖြင့်လည်းကောင်း ခွဲခြားပြဆိုထားသည်ကို သတိမူသင့်ပါသည်။


သမီး / သမီး

(မြန်မာအဘိဓာန်တွင် စာ - ၃၆၆ )


ဧည့်သည် / အဲ့သှယ်

(မြန်မာအဘိဓာန် စာ - ၄၄၂)

-


'မင်္ဂလာပါ ဆရာမ'


မရေး - မ ၊ ဂငယ်ကင်းစီး - မင်္ဂ ၊ လ ရေးချ - လာ - မင်္ဂလာ ၊ ပစောက်ရေးချ - ပါ - မင်္ဂလာပါ ၊ ဆလိမ်ရေး - ဆ - မင်္ဂလာပါဆ ၊ ရကောက်ရေးချ - ရာ - မင်္ဂလာပါ ဆရာ ၊ မရေး - မ - မင်္ဂလာပါ ဆရာမ။


များသောအားဖြင့် 'မင်္ဂလာ' ကို 'မရေး ငသတ် - မင် ၊ ဂငယ်ရေး - ဂ - မင်ဂ ၊ လရေးချ - လာ - မင်္ဂလာ' ဟု စာလုံးပေါင်းဖတ် နေကြသည်မှာ မှားပါသည်။


(ကင်းစီးသည် င-သတ် မဟုတ်ပါ။ ကင်းစီး ကို 'ငသတ်' ဟု မဖတ်ရပါ။ အမှားကြာလျှင်အမှန်ဖြစ်တတ်ပါသည်။)

-


'တနင်္ဂနွေ - တနင်္လာ - အင်္ဂါ'


တဝမ်းပူရေး - တ - နငယ်ရေး - န - တန - ဂငယ်ကင်းစီး - တနင်္ဂ - သဝေထိုးနငယ်ဝဆွဲ - နွေ - တနင်္ဂနွေ။


တဝမ်းပူရေး - တ - နငယ်ရေး - န - တန - လကင်းစီးရေးချ - လာ - တနင်္လာ။


အရေး - အ - ဂငယ်ကင်းစီးရေးချ - ဂါ - အင်္ဂါ။


('အရေးငသတ် - အင် - ဂငယ်ရေးချ - ဂါ - အင်္ဂါဟု မဖတ်ရပါ။)

-


'သင်္ချာ - သင်္ဘော'


သရေး - သ - ခခွေးယပင့် - ကင်းစီးရေးချ - သင်္ချာ။


သရေး - သ - သဝေထိုးဘကုန်း ကင်းစီးရေးချ - သင်္ဘော။

-


'မေ တ္တာ - နိဗ္ဗာန် - ဗုဒ္ဓဟူး'


သဝေးထိုး မတသတ် - မျစ် - တဝမ်းပူရေးချ - တာ - မေ တ္တာ။


နငယ်လုံးကြီးတင် ဗထက်ခြိုက်သတ် - နိဗ် - ဗထက်ခြိုက်ရေးချနသတ် ဗာန် - နိဗ္ဗာန် ။


ဗထက်ခြိုက် တစ်ချောင်ငင် ဒထွေး သတ် - ဗုဒ် - ဓအောက်ခြိုက်ရေး - ဓ - ဗုဒ္ဓ၊ ဟ နှစ်ချောင်းငင် - ဟူ - ဝစ္စနှစ်လုံပေါက် - ဟူး - ဗုဒ္ဓဟူး။


မေတ္တာ ကို 'မစ်တာ' ဟု အသံမထွက်ရပါ။  'မျစ်တာ' ဟုသာ အသံထွက်ရပါမည်။


မေတ္တာ / မျစ်တာ / န - ချစ်ခင်ခြင်း ။

(မြန်မာအဘိဓာန်။ စာ - ၂၇၉ )


ကိုးကား။   ။crd..ဦးအောင်နိုင်ထွန်း(မြန်မာစာ)


၁။ သဒ္ဒါမျက်လုံးရေးဖတ်ထုံး၊ ဒဂုန် ဦးစန်းငွေ။

၂။ မြန်မာအက္ခရာဗေဒ၊ ဦးသောင်းလွင်။

၃။ စာအုပ်စာပေ လူ့မိတ်ဆွေ။

၄။ မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့။

၅။ ၁၉၉၄၊ ၁၉၉၆ ပညာတန်ဆောင် မဂ္ဂဇင်းပါ ဆရာဦးရဲမင်း (ထီလာဆရာအတတ်သင်) ၏ ဆောင်းပါး။

Comments

Popular posts from this blog

G12စနှစ်သစ်မေးခွန်းပုံစံ