မူလတန်းအောက်ဆင့် မြန်မာစာ စာလုံးပေါင်းသတ်ပုံသင်နည်း 

 မင်္ဂလာပါ

မူလတန်းအောက်ဆင့် မြန်မာစာ စာလုံးပေါင်းသတ်ပုံသင်နည်း နဲ့ ပတ်သက်ပြီး အနည်းငယ် ပြောပြပါရစေ


မူလတန်း  အောက်ဆင့် G1 / G2 မှာ  ကလေးတွေကို စာလုံးပေါင်းနဲ့ အသံထွက်တွေ မှတ်မိအောင် သတ်ပုံတွေ သင်ရပါတယ် 


အဲ့ဒီလို သတ်ပုံသင်တဲ့အခါမှာ 

စာလုံးပေါင်းနည်း ၊ အသံထွက်နည်းဆိုပြီး သတ်ပုံသင်နည်း နှစ်နည်းရှိပါတယ်


အရင် သင်ရိုးဟောင်းတုန်းက အသံ ကိုအဓိကမထားပဲ ဗျည်းအက္ခရာတွေ သင်္ကေတတွေ ကို စာလုံးပေါင်းပြီး ရွတ်ဖတ်တဲ့ စာလုံးပေါင်းနည်းကို အဓိကထားပြီး သင်ကြားခဲ့ကြပါတယ် 


ဒီဘက် စနစ်သစ် သင်ရိုးသစ်မှာတော့ ကလေးတွေရဲ့ အသံထွက် မှန်ကန်မှုကို အဓိကထားပြီး အသံထွက်နည်း နဲ့ အဓိကထားသင်ခိုင်းပါတယ် သတ်ပုံမှန်ဖို့အတွက် စာလုံးပေါင်းနည်းကိုလည်း ဖြည့်စွက်သင်ခိုင်းပါတယ် 


ဘာသာစကား တစ်ခု သင်တဲ့အခါမှာ အသံတွေကို နားလည်အောင် အရင်သင်ရတာမို့ စနစ်သစ်သင်ရိုးရဲ့ အသံထွက်ကို အဓိကထား သင်နည်းက သင်ကြားနည်းအမှန်ပါပဲ

ဒါပေမယ့် 


သင်ကြားသူ ဆရာ/ ဆရာမများသည် 

အသံထွက် နည်း

စာလုံးပေါင်း နည်း ဆိုတာကို မှန်မှန်ကန်ကန် နားလည်ဖို့လိုအပ်ပါတယ် 


အသံထွက်နည်း ဆိုတာက

ဗျည်းအသံ ကို သရသံ နဲ့ ပေါင်းပြီး လိုအပ်တဲ့ အသံထွက်စေတာပါ 


ဥပမာ


တစ်

/ တ/ + အစ် = တစ်

/ တ အစ် တစ် / လို့ ဖတ်ရတာပါ 

ဒါမှ အသံထွက်နည်းအမှန်ပါ 


ဒီရွတ်ဖတ်နည်းမှာ 

ဗျည်းရဲ့အသံ /တ/ နဲ့ စသတ် နဲ့ကို ပေါင်းပြီး 

တ စသတ် တစ် လို့ ဆိုလို့မရပါဘူး 


စာလုံးပေါင်းနည်း ဆိုတာက 

ဗျည်း အမည် နဲ့ သင်္ကေတတွေရဲ့ အမည် ကို ပေါင်းပြီး လိုအပ်တဲ့ အသံ ထွက်စေတာပါ


ဥပမာ 


တစ်

တဝမ်းပူ ရေး စသတ် တစ်

တ (တဝမ်းပူ)ဗျည်းအမည်

စ်  ( စသတ်  ) အသတ် သင်္ကေတအမည်

တစ် (အသံထွက်)


ဒါကြောင့် မြန်မာ စာလုံးပေါင်းသတ်ပုံ ရွတ်ဖတ်နည်း ဆိုတာမှာ 

သင်ရိုးသစ် မို့ အသံထွက်နည်း နဲ့ပဲ သင်ရမယ်

သင်ရိုးဟောင်းမို့ စာလုံးပေါင်းနည်း နဲ့ သင်ရတယ် လို့ မရှိသလို


အသံထွက်နည်း သည် သင်ရိုးသစ်သင်နည်း

စာလုံးပေါင်း နည်းသည် သင်ရိုးဟောင်းသင်နည်း လို့လည်း မရှိပါဘူး 


သင်ရိုးသစ်ပဲ ဖြစ်ဖြစ်

သင်ရိုးဟောင်းပဲ ဖြစ်ဖြစ် 

မြန်မာစာလုံးပေါင်း သတ်ပုံ ရွတ်ဖတ်နည်သည် 


အသံထွက်နည်း

စာလုံးပေါင်းနည်း  ဒီနှစ်ခု ကိုသာ အသုံးပြုသင်ကြားရမှာ ဖြစ်ပါတယ် 


ဒါကြောင့်

အသံထွက်နည်း

စာလုံးပေါင်းနည်း ဆိုတာသည် သင်ကြားနည်းမဟုတ် ၊ ရွတ်ဖတ်နည်းသာ ဖြစ်ပြီး 


ဒီရွတ်ဖတ်နည်း နှစ်ခု ကို ကလေးတွေ ရွတ်ဖတ်တတ်အောင် မှတ်မိအောင် သင်ကြားနည်း အမျိုးမျိုး သင်ထောက်ကူအမျိုးမျိုး အသုံးပြု သင်ကြားခြင်းကသာလျှင် သင်ရိုးသစ် သင်နည်း ဖြစ်ပါတယ် 


ရွတ်ဖတ်နည်း နှင့် သင်ကြားနည်း ကို ဆရာ/ ဆရာမ များ မှန်ကန်စွာ သိရှိနိုင်ကြပါစေရှင့်


မေရတနာ မြန်မာစာ သင်တန်း




Comments

Popular posts from this blog

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ

G12စနှစ်သစ်မေးခွန်းပုံစံ