ယခုနှစ်မှစ မူလတန်းကျောင်းများ CPD  လုပ်ရတော့မည်

 #ယခုနှစ်မှစ မူလတန်းကျောင်းများ CPD 

လုပ်ရတော့မည်

<><><><><><><><>>>>

စဉ်ဆက်မပြတ် ဆရာ့အတတ်ပညာဖွံဖြိုးတိုးတက်ရေး

(CPD) အကြောင်း သိကောင်းစရာများ

_____________________________

၂၀၁၉ခုနှစ်မှစ၍ အထက်တန်းနှင့်အလယ်တန်းအဆင့်သင် ကျောင်းများမှ ကျောင်းအုပ်ကြီးများသည် စဉ်ဆက်မပြတ် ဆရာ့အတတ်ပညာ 

ဖွံ့ဖြိုးတိုးတက်ရေး CPD (Continuous Professional Development)ကို 

အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ် ကျောင်းအုပ်ကြီးများဟာ ကျောင်း၏ ဦးစီးဦးဆောင်ပြုနေသူများ ဖြစ်သည့်အတွက် CPD အစီအစဉ် အောင်မြင်မှု ဟာလဲ ကျောင်းအုပ်ကြီးများ၏ အပြုသဘောဆောင်တဲ့ ခေါင်းဆောင်မှုပေါ်မှာ များစွာ မူတည်နေပါတယ် 

              CPD စတင်ပြုလုပ်ရမည့်အတန်းမှာ 

သင်ရိုးသစ် ဆဌမတန်း Grade 6 ဟုဆိုသော်လည်း နောက်နှစ်သင်ရိုးသစ်ပြောင်းမည့် အတန်းများအားလုံး CPDပြုလုပ်ပုံပြုလုပ်နည်းများကို သိရှိသွားစေရန် နှင့် မူပြများလည်း နောင်တချိန်တွင် အလယ်တန်းပြများဖြစ်လာမည်ဖြစ်သည့်အတွက် CPDအကြောင်း မျက်ခြေမပြတ် သိရှိသွားစေရန် CPDအချိန်တွင် ဆွေးနွေးသော သင်နည်းများကို စနစ်ဟောင်းအတန်းများမှာလည်း မိမိတို့၏သက်ဆိုင်ရာဘာသာရပ်များ တွင် အသုံးပြုနိုင်စေရေးအတွက် ထက်/လယ်/မူ ရှိ ဆရာ/မအားလုံး CPD အချိန်မှာ ပူးပေါင်း ပါဝင် ဆွေးနွေးသင့်ပာတယ်လို့ ထင်မြင်ယူဆပါတယ်။

           ထူးချွန်ထက်မြက်သည့်ဆရာ/မများသည် သင်ကြားသင်ယူမှုဆိုင်ရာ အကြောင်းအရာအသစ်များကို စဉ်ဆက်မပြတ် အမြဲ လေ့လာကြသည်။တနည်းအားဖြင့် ထူးချွန် ထက်မြက်သော  ဆရာ တစ်ယောက်ဖြစ်လာစေရန် အထောက်အကူပေးသော သင်ယူလေ့လာမှုတိုင်းကို CPD စဉ်ဆက်မပြတ် ဆရာ့အတတ်ပညာ ဖွံဖြိုးတိုးတက်ရေး အစီအစဉ် လို့ ခေါ်ပါတယ်။

              စဉ်ဆက်မပြတ် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးစနစ် ဆောင်ရွက်မှု  အစီအစဉ် "CPD"ကို လုပ်ဆောင်တဲ့အခါ


၁။ သက်ဆိုင်ရာဘာသာရပ်ခေါင်းဆောင် (သို့) အတန်းခေါင်းဆောင် (အတန်းမှူး) ဆရာ/မများ

၏ဦးဆောင်မှုဖြင့် အလယ်တန်းနှင့် အထက်တန်းသင် ဆရာ/မများ( ကျောင်းရှိ ဆရာဆရာမအားလုံးဟု ဆိုထားသည့်အတွက် မူလတန်းပြများပါ ပါဝင်သင့်သည်) တစ်လလျှင်  တစ်ကြိမ် တွေ့ဆုံဆွေးနွေးကြရပါမည်။CPD အစီအစဉ်ကို ဘာသာရပ်အဖွဲ့လိုက် စုပေါင်းဆောင်ရွက်ရပါမည်။


၂။လစဉ် CPDအချိန်တွင် ဆရာဆရာမများသည် ဆရာအတတ်ပညာဆိုင်ရာ CPD မော်ဂျူးတစ်ခုကို ဖတ်ခြင်း၊  ဆွေးနွေးခြင်း၊  စီစဉ် 

သင်ကြားခြင်း အတွက် အစီအစဉ်ရေးဆွဲခြင်း ( လိုအပ်ပာက micro teaching သင်ပြခြင်း )နှင့် သုံးသပ်ခြင်းများ ပါဝင်မည်။


၃။ CPD တစ်ချိန်လျှင် မိနစ်(၉၀) ကြာမည်။


၄။ကျောင်းအုပ်ကြီးသည် သက်ဆိုင်ရာ ဘာသာရပ်ခေါင်းဆောင်များကို CPD အချိန်တွင်ဦးဆောင်ပာဝင်နိုင်အောင် လေ့ကျင့်ပေးခြင်း၊ပါဝင်သည့်ဆရာ/မများအား ကြီးကြပ်အကဲဖြတ်ခြင်း၊နေ့အလိုက် ဆောင်ရွက်ရမည့် အစီအစဉ် ရေးဆွဲပေးခြင်းနှင့် CPD. အချိန်တွင် ဆရာဆရာမများ၏ တက်ရောက်မှုနှင့် တက်တက်

 ကြွကြွ ပါဝင်မှူ ရှိ မရှိတို့ကို စောင့်ကြည့်လေ့လာရပာမည် ။


၅။ထို့အပြင် ကျောင်းချိန်အတွင်း  (ကျောင်းချိန် ပြင်ပ မလုပ်ရ ဟု မပါ) CPD ကို တစ်လလျှင်  တစ်ကြိမ်ဆွေးနွေးနိုင်ရေးအတွက် လစဉ် အချိန်ဇယားရေးဆွဲခြင်းကိုပါ စီစဉ် ပေးရပာမည်။


၆။ ကျောင်းရှိ ဆရာဆရာ မအားလုံးသည် CPDအစီအစဉ်တွင် ပါဝင်ရပာမည်။


            CPDအစီအစဉ်ကို အစအဆုံး ဦးဆောင်ပြုလုပ်ရမည့်သူမှာ ဘာသာရပ်ခေါင်းဆောင်ဖြစ်ပြီး ကြီးကြပ်ရမည့်သူမှာ

 ကျောင်းအုပ်ကြီးဖြစ်ပါသည်။


 #CPDအချိန်တွင် သက်ဆိုင်ရာ ဘာသာပြ

 ခေါင်းဆောင်များ သေချာစွာ လုပ်ဆောင်ရမည့် အချက် (၈)ချက်


🍎 CPDကို အချိန်မှန် စတင်ပြီး

     အချိန်မှန် ပြီးစီးရမည်။


🍏 ရှင်းရှင်းလင်းလင်း ညွှန်ကြားပေးပြီး

     ပါဝင်သည့် ဆရာ/မများ နားလည်မှု

      ရှိ မရှိ စစ်ဆေးရမည်။


 🍊 လူတိုင်းအား ပြောဆိုဆွေးနွေးခွင့် 

       ပေးရမည်။အထူးသဖြင့် 

      နှုတ်ဆိတ်ငြိမ်သက်နေသူများ ပါဝင်ပါစေ။


🍋 အဖွဲ့လိုက်လုပ်ဆောင်ခြင်းများနှင့်

    ဆွေးနွေးခြင်းများအတွက် အချိန်ကို 

     လုံလောက်အောင် စီစဉ်ရမည်။


🍒 မေးခွန်းပုံစံမျိုးစုံကို အသုံးပြုရမည်။


🍇 တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ပိုင်

      လေ့လာမှုနည်းလမ်းများအား အသိ

       အမှတ် ပြုပါ။


 🍓 လုပ်ငန်းစဉ်တစ်ခုပြီးတိုင်း တစ်ဖွဲ့လုံး

    ၏ ဆွေးနွေးချက်များကို စုစည်းတင်ပြပါ။


 🍐ပါဝင်ပေးကြသော ဆရာ/မအားလုံးကို

      တက်ကြွစွာပါဝင်ပေးသည့်အတွက်

      ကျေးဇူးတင်ကြောင်း ပြောရပါမည်။


#ကျောင်းအုပ်ကြီးများ CPDကို ဖော်ဆောင်ရာတွင်  အဓိက လမ်းညွှန် လုပ်ဆောင်ရမည့် 

အချက် (၈) ချက် 


၁။CPD လက်စွဲ နှင့် မော်ဂျူး များကို

 သေချာစွာ ဖတ်ပါ။


၂။သင်ကြားရေး ဝါရင့် အတွေ့အကြုံ ရှိသူ ဆရာဆရာမများအား ဘာသာရပ်ခေါင်းဆောင်အဖြစ် တာဝန်ပေးရမည်။ ဘာသာရပ်ခေါင်းဆောင်များအား စုစည်း ခေါ်ယူ၍ CPD လက်စွဲကို အတူဖတ်ကာ လေ့ကျင့် သင်ကြား 

ညှိနှိုင်းပြင်ဆင် ပေးရပါမည်။


၃။CPD အစီအစဉ် ကို ကျောင်းချိန်အတွင်း လုပ်ဆောင်နိုင်ရန် အချိန်ဇယား ရေးဆွဲပေးရမည်။


၄။လစဉ် ပြုလုပ်မည့် CPDအစီအစဉ် အကြောင်းကို ကျောင်းရှိ ဆရာဆရာမများအား  ကြိုတင် အသိပေးထားရပါမည်။


၅။CPD အစီအစဉ် လစဉ် ဖြစ်မြောက်နိုင်ရေးအတွက် ဘာသာရပ်ခေါင်းဆောင်များကို လိုအပ်သည်များ ကူညီစောင့်ကြည့် ပံပိုးပေးနိုင်ရပါမည်။


၆။CPD အစီအစဉ် ကို လစဉ် ပြုလုပ်ပြီး

 စောင့်ကြည့်အကဲဖြတ်ရပါမည်။


၇။အရည်အသွေးကို စောင့်ကြည့်အကဲဖြတ်ပြီးမှ မှတ်ချက်ပြုပါ။အားပေးပါ။


၈။CPDမှတ်တမ်းများကို  ဖြည့်စွက် မှတ်တမ်းတင်ထားရပါမည်။


  #CPD အချိန်တွင် ပါဝင်ဆွေးနွေးမယ့် 

ဘာသာပြများ လုပ်ဆောင်ရမယ့် အချက်များ.


               ရှေ့လတွင် မိမိသင်မယ့် သင်ခန်းစာအကြောင်းအရာများကို ကြိုတင်ဖတ်ထားရပာမယ် သို့မှသာ သင်ခန်းစာနှင့် ကိုက်ညီသော သင်နည်းများကို ရွေးချယ်တတ်မှာ ဖြစ်ပြီး မိမိ မရှင်းလင်းသည့်အကြောင်းအရာများကို ဘာသာရပ်ခေါင်းဆောင်အား မေးမြန်းနိုင်မှာဖြစ်ပါတယ် အိမ်စာ ပေးခြင်း မဟုတ်ပါ  သင်ခန်းစာကို ကြိုတင် မဖတ်ခဲ့ပါက ဝင်ရောက်ဆွေးနွေးနိုင်မှာ မဟုတ်သလို မရှင်းလင်းတာများကိုလည်း မေးတတ်မှာ မဟုတ်ပါ ဘာသာရပ်ခေါင်းဆောင်ဟာ အဖွဲ့ဝင် ဘာသာပြဆရာဆရာမများမေးတဲ့ သင်ခန်းစာ အကြောင်းအရာများ

ကို မဖြေကြားနိုင်သေးပါက နောက်လမော်ဂျူးတွင်ဖြေကြားပေးမယ်ဆိုတဲ့ အကြောင်းကို ေ 

ပြာပြထားရပါမယ် ဘာသာရပ်ခေါင်းဆောင်ဟာလဲ အလုံးစုံ သိထားနိုင်မှာ မဟုတ်တာကို အဖွဲ့ဝင်များက နားလည်ပေးရမှာ ဖြစ်ပါတယ် ဘာသာရပ်ခေါင်းဆောင်ဟာ မေးခွန်း များကို

ဖြေကြားပေးနိုင်ရေးအတွက် လေ့လာသင်ယူနေရမှာ ဖြစ်ပြီး ဘာသာရပ်ခေါင်းဆောင်ကဲ့သို့ ဘာသာပြဆရာဆရာမများကလဲ အမြဲလေ့လာသင်ယူနေကြရမှာ ဖြစ်ပာတယ် ကျောင်းသားများလေ့လာသင်ယူရာတွင် ပိုမိုအောင်မြင်စေရေးအတွက် မိမိတို့၏ သင်ကြားသင်ယူရေးအလေ့အကျင့်ကောင်း များ ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ရမည်မှာဆရာဆရာမတိုင်းရဲ့ မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်တစ်ရပ် ဖြစ်ပါတယ် 

 

#CPD အချိန်တွင် ကျောင်းအုပ်ကြီးများ

 လေ့လာစောင့်ကြည့်ရမည့်အချက်များ.........


-CPDကို အချိန်မှန် စနိုင်ခဲ့သလား။


-ဆရာဆရာမများ အနေနဲ့ CPDချိန်မှာ

 ဆွေးနွေးနိုင်ဖို့ သင်ခန်းစာတွေကို 

 ကြိုတင်ဖတ်ခဲ့ရဲ့လား။


-အဖွဲ့လိုက်လုပ်ဆောင်မှုများတွေမှာ 

 ပါဝင်ပြုလုပ်ခဲ့ကြသလား။


-မေးခွန်းများမေးပြီး 

အပြန်အလှန် ပြောဆိုခဲ့ကြပါသလား။


-သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်းကို

အတူလုပ်ဆောင်ခဲ့ပါသလား။


-သင်ကြားသင်ယူနည်းအသစ်များ 

ထည့်သွင်း အသုံးပြုခဲ့ပါသလား။


_ယခင်လ CPDအချိန်မှာ ပြင်ဆင်ခဲ့သော

 သင်ခန်းစာကိုသင်ကြားခဲ့ပါပြီလား။


-CPD အစီအစဉ်ကို ပိုမိုကောင်းမွန်ရေး

 အကြံပြုလိုပါသလား ။


 စသည့်အချက်များဖြင့် စောင့်ကြည့်

အကဲဖြတ်နေရမှာ ဖြစ်ပြီး ကျောင်းအုပ်ကြီး၏

မှတ်ချက်နှင့်အကြံပြုချက်ပါသော 

CPDမှတ်တမ်းကိုလဲ ထားရှိရမှာ ဖြစ်ပါတယ်

           

       CPD ကို ဘာသာရပ်အလိုက် လုပ်ဆောင်ရမည့် အခြေအနေ            

             CPDအစီအစဉ်ကို လုပ်ဆောင်တဲ့အခါ ဆရာဆရာမ အင်အားများသော အထက်တန်းကျောင်းများတွင် ဘာသာရပ်အလိုက်

ဘာသာရပ် ခေါင်းဆောင်များ ထား၍ တစ်ဘာသာချင်း သက်ဆိုင်ရာ ဘာသာရပ်အလိုက်

ဘာသာရပ်ခေါင်းဆောင်များမှ ဦးဆောင်ပြီး တစ်ပြိုင်တည်း ကျင်းပရပာမည်။ ကျောင်းအုပ်ကြီးသည် အဖွဲ့အလိုက် CPDလုပ်ဆောင်နေမှုများကို စောင့်ကြည့်လေ့လာကြပ်မတ်ရမည်။ဆရာဆရာမ အင်အား နည်းသည့်ကျောင်းများတွင် CPD ဆောင်ရွက်ရန်နေရာ အခက်အခဲရှိပါက (၂) ဘာသာစီ တွဲကာ ပြုလုပ်ဆောင်ရွက်နိုင်သည် ဥပမာ-လူမှုရေးဘာသာ၊သိပ္ပံဘာသာများ (ဆရာအင်အား နည်းသော ကျောင်းများတွင် ဘာသာစုံပါဝင်သော အုပ်စုတစ်စုဖွဲ့ ဆောင်ရွက်နိုင်သလို ဘာသာရပ်တစ်ခုမှ သင်ခန်းစာတစ်ခုကို နမူနာအဖြစ် ရွေးချယ်ကာ ဘာသာရပ်တစ်ခုချင်းအလိုက်လဲ ဆောင်ရွက်နိုင်ပါတယ် ကျောင်းအုပ်စုအတွင်း ဘာသာပြများအားလုံး စုပေါင်း၍လည်း တွေ့ဆုံဆွေးနွေးနိုင်ပါတယ်)

            လစဉ် CPD အစီအစဉ် ဆောင်ရွက်ရမည့်မော်ဂျူး(၈)ခု ရှိပြီး ဇူလိုင်လမှစ၍ တစ်လလျှင် မော်ဂျူးတစ်ခုဖြင့် မော်ဂျူးအစဉ်လိုက် ပြုလုပ်ဆောင်ရွက်ရပါမယ် CPDအစီအစဉ်တွင် ပါဝင်ဖွဲ့စည်းထားသည့် မော်ဂျူးများဟာ ဆရာအတတ်ပညာဆိုင်ရာ မော်ဂျူးများဖြစ်ပြီး သင်ရိုးညွှန်းတမ်းအသစ်ကို စတင်သင်ကြားတဲ့အခါ ဆရာဆရာများအတွက် လိုအပ်တဲ့ ဗဟုသုတနဲ့ ကျွမ်းကျင်မှုများ ရရှိစေရန် ရည်ရွယ်ရေးဆွဲထားတာ ဖြစ်ပါတယ် ပြဌာန်းစာအုပ်အသစ်နဲ့ ဆရာလမ်းညွှန်အသစ်မှာ ပါဝင်တဲ့ ဆရာဆရာမများ အသုံးပြုသင်ကြားရမယ့် သင်ကြားသင်ယူနည်းများကို အသုံးပြုပြီး ရေးဆွဲထားတဲ့ ဆရာအတတ်ပညာဆိုင်ရာ မော်ဂျူးများ ဖြစ်ပါတယ် သင်ရိုးညွှန်းတမ်းအသစ်ကို စတင်သင်ကြားတဲ့အခါ မသိမဖြစ် သိထားရမယ့်အချက်တွေနဲ့ ဘယ်လို သင်ကြားသင့်တယ်ဆိုတာကို လေ့လာဖို့အတွက် စဉ်ဆက်မပြတ် ဆရာအတတ်ပညာဖွံဖြိုးတိုးတက်ရေး CPD အစီအစဉ် ဟာ ကျောင်းအုပ်ကြီးများ ဘာသာရပ်ခေါင်းဆောင်များ ဆရာဆရာမများ အားလုံးအတွက် တကယ့်ကို အရေးပါ အရေးကြီးတဲ့ အစီအစဉ် ကောင်းတစ်ခု ဖြစ်ပါတယ် 

              CPD အစီအစဉ် လက်စွဲစာအုပ်ထဲမှာ ဘာသာရပ်အလိုက် ပြုလုပ်ရမယ့် ကျောင်းအခြေပြု CPD အစီအစဉ်များ၊CPDမော်ဂျူးများပါ အကြောင်းအရာများနဲ့ မော်ဂျူးများကို ဖွဲ့စည်းတည်ဆောက်ထားပုံများ၊ CPD အစီအစဉ် ဖြစ်မြောက်အောင်မြင်စေရေးအတွက် ကူညီသင်ကြားပေးနိုင်မယ့် အကြံဥာဏ်များ၊ကျောင်းအုပ်ကြီးများ ဦးဆောင်ပြီး အရည်အသွေး အပြည့်ရှိတဲ့ CPD အစီအစဉ် ဖြစ်မြောက်အောင်မြင်စေနိုင်မယ့် နည်းလမ်းများ၊ ကျောင်းအုပ်ကြီးနဲ့ ဘာသာရပ်ခေါင်းဆောင်များ မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာများအတွက် အဆင့်ဆင့် လမ်းညွှန်ချက်များ ၊ကျောင်းအုပ်ကြီးများ သိမ်းဆည်းထားရမယ့် CPD အစီအစဉ် မှတ်တမ်းပုံစံတွေ ပါဝင်ပါတယ် ဒါ့အပြင် CPD မော်ဂျူးတွေနဲ့ လစဉ်တွေ့ဆုံမှုတွေကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ ညွှန်ကြားအကြံပြုချက်တွေပါ ပါဝင်ပာတယ်

                CPD အစီအစဉ် ပြုလုပ်ဆောင်ရွက်တဲ့အခါ ကျောင်းအုပ်ကြီးရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ဘာသာရပ်ခေါင်းဆောင်တွေဟာ မိမိတို့ တာဝန်ယူပြုလုပ်ရမယ့် ဘာသာရပ်အလိုက် CPD မော်ဂျူးတွေကို အသုံးပြုပြီး သင်ခန်းစာတွေကို ကြိုတင်ပြင်ဆင်မှုတွေ (လိုအပ်ပါက လက်တွေ့သင်ကြားပြသမှုတွေ )ကို ဘာသာရပ်အလိုက် တစ်လတစ်ကြိမ် ပြုလုပ်ဆောင်ရွက်ရမှာ ဖြစ်ပြီး ဆွေးနွေးမှု တစ်ချိန်ဟာ မိနစ် ၉၀ သာ ကြာမြင့်ရမှာ ဖြစ်ပါတယ်


             CPD အချိန်မှာ ဘာသာရပ်တစ်ခုချင်းအလိုက် CPD မော်ဂျူးတွေကို အသုံးပြုပြီးလအလိုက် တွေ့ဆုံပြုလုပ် ဆွေးနွေးရမှာ ဖြစ်ပါတယ်  အထက်တန်းကျောင်းကြီးတွေမှာတော့ ဆရာအင်အားလဲ အပြည့်ရှိတယ် နေရာလဲအဆင်ပြေတယ်ဆိုရင်  ဘာသာရပ်အားလုံးကို တပြိုင်တည်း ပေါင်းလုပ်လို့ ရပါတယ် ကျောင်းငယ်လေးတွေ ဆရာအင်အား လိုအပ်ချက်ရှိတဲ့ ကျောင်းလေးတွေကတော့ ၂ ဘာသာ သုံးဘာသာ ပူးတွဲ လုပ်တာမျိုး လုပ်လို့ ရပါတယ် ဘာသာရပ်တစ်ခုချင်း တွေ့ဆုံရန် အခက်အခဲ ရှိပါက ဘာသာရပ်အားလုံး စုပေါင်း တွေ့ဆုံ လေ့လာ လုပ်ဆောင်ခြင်း၊ နှစ်ဘာသာ သုံးဘာသာ ပူးတွဲ လုပ်ဆောင် ခြင်း ၊အင်္ဂလိပ်နဲ့ သင်္ချာ၊ လူမှုရေးနဲ့သိပ္ပံဘာသာရပ်များ ပူးတွဲ လုပ်ဆောင်ခြင်း၊နမူနာ အနေဖြင့် ဘာသာရပ်တစ်ခုကို ရွေးချယ်ပြီး ထို ဘာသာရပ်မှ မသင်ကြားရသေးတဲ့ သင်ခန်းစာတစ်ခုက်ို မော်ဂျူးနဲ့ပူးတွဲ လေ့ကျင့်ပြင်ဆင် လုပ်ဆောင်စေခြင်းတို့ကို ကျောင်းအုပ်ကြီးရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ မိမိကျောင်း အစီအစဉ် အတိုင်း အဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ် ကျောင်းအုပ်ကြီးရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ဘာသာရပ်ခေါင်းဆောင်တွေက CPD အစီအစဉ် ကို မဖြစ်မနေ အကောင်အထည်ဖော် လုပ်ဆောင်ရမှာ ဖြစ်ပါတယ် CPD အစီအစဉ်ဟာ မဖြစ်မနေ လက်တွေ့လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကျောင်းရှိ ဆရာဆရာမများ အားလုံး ပါဝင်လေ့လာပြုလုပ်ရမှာ ဖြစ်ပါတယ် တကယ်တော့ CPD အစီအစဉ် ဟာ သင်ရိုးညွှန်းတမ်းအသစ်ကို စတင်သင်ကြားတဲ့အခါ ထိထိရောက်ရောက် နဲ့ သင်ကြားနိုင်ရေန်အတွက် သာမက ဆရာတစ်ယောက်မှာ ရှိသင့်တဲ့ ဆရာ့အတတ်ပညာဖွံဖြိုးတိုးတက်လာစေဖို့အတွက် ရည်ရွယ် ပြုလုပ် ဆောင်ရွက်စေတဲ့ ကောင်းမွန်တဲ့ ဆရာ့အတတ်ပညာဆိုင်ရာ တိုးတက်ရေးအတွက် အရေးပါတဲ့ အသုံးဝင်တဲ့ အစီအစဉ် ဖြစ်ပါတယ် ကျောင်းတွေမှာ မဖြစ်မနေ ဆောင်ရွက်ရမှာ လုပ်ဆောင်ရမှာ  ဖြစ်ပြီး ဟန်ပြ ဖော်ရှိုးအနေနဲ့ စာရွက်ပေါ်မှာသာ ရေးထားတဲ့ အစီအစဉ် မဖြစ်သင့်ဘဲ လက်တွေ့ လုပ်ဆောင်ရမယ့် အရေးပါတဲ့ အစီအစဉ် ဖြစ်တယ်ဆိုတာ ကျောင်းအုပ်ကြီးများနဲ့ ဆရာဆရာမများ အားလုံး သိရှိနားလည် သဘောပေါက်ထားရမှာ ဖြစ်ပါတယ်

              CPD အစီအစဉ်ကို ဘာသာရပ်အဖွဲ့ အစည်းအဝေးချိန်တွင်လည်း ဆောင်ရွက်နိုင်တယ်လို့ CPD လက်စွဲစာအုပ်တွင် ဖော်ပြထားတဲ့အတွက် ယခင်က ကျောင်းများတွင်

ပြုလုပ်ဆောင်ရွက်ခဲ့တဲ့ ဘာသာရပ်မြှင့်တင်ဆွေးနွေးမှု (Board of Studies) အချိန်တွင် အစားသွင်း ဆောင်ရွက်နိုင်မှာ  ဖြစ်တယ်လို့ ယူဆပါတယ် CPD နှင့် Board of Studies ရဲ့ လုပ်ငန်းသဘောသဘာဝမှာ

အတူတူပင်ဖြစ်ပြီး ကွာခြားချက်မှာ

Board of Studies တွင် ဆောင်ရွက်ရမယ့်လုပ်ငန်းကို ချပြ ထားခြင်း မရှိဘဲ ယခု ပြုလုပ်ရမယ့် CPD မှာတော့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ကို မော်ဂျူးတိုင်း အချိန်နှင့်တကွ လအလိုက် မည်သို့ ပြုလုပ်ရန်ကိုပါ တိတိကျကျ သတ်မှတ်ပေးထားတာ ဖြစ်ပါတယ် 

                CPD အစီအစဉ် ကို ပြုလုပ်ဆောင်ရွက်ရမယ့် အချိန် ကို မိနစ်(၉၀)လို့  သတ်မှတ်ထားပြီး ကျောင်းချိန်အတွင်း၌သာ ဖြစ်ရမယ်လို့ တိတိကျကျ သတ်မှတ်ထားပါတယ် ကျောင်းချိန်ပြင်ပဖြစ်ပါက ဆရာဆရာမများ အားလုံးပါဝင်ရန် ခက်ခဲမှာဖြစ်ပြီး ဆရာ ဆရာမများရဲ့ အနားယူချိန်ကို ဖဲ့ယူသလို ဖြစ်မှာစိုးခြင်းနှင့် ပိတ်ရက်များ တွင် အနား မနေရသလို ဖြစ်သွား စိုးတာကြောင့်လို့ ထင်ပါတယ် 

               CPD ကို ကျောင်းချိန်ပြင်ပ မလုပ်ရဟု မပါ ပါ သို့သော်  CPD ကို ကျောင်းချိန်အတွင်း ပြုလုပ်ပါက ကလေးများအား ထိန်းသိမ်းရန် အခက်အခဲ ရှိမှာကိုလဲ ထည့်သွင်းစဉ်းစား သင့်တဲ့အချက် ဖြစ်ပါတယ် လက်ရှိ သင်ရိုးသစ်တွင် ဒေသဆိုင်ရာ သင်ရိုးကို တိုင်းဒေသကြီးနဲ့

 ပြည်နယ် အစိုးရအဖွဲ့များက တာဝန်ယူရေးဆွဲနေဆဲ ကာလမို့ ဒေသဆိုင်ရာ သင်ရိုးသစ်အချိန်များ တွင် CPD အစီအစဉ် ကို ပိုင်းဖြတ် လုပ်ဆောင်ရင်လဲ အဆင်ပြေနိုင်မယ်လို့ ယူဆပါတယ် ဒေသဆိုင်ရာ သင်ရိုးအတွက်  တစ်ပတ်စာသင်ချိန်က ၄ ချိန် ဖြစ်ပါတယ် ဒီအချက်ကိုလဲ ကျောင်းအုပ်ကြီးများ ထည့်သွင်းစဉ်းစား ရမှာ ဖြစ်ပါတယ် 

                  CPD အချိန်မှာ ဆရာဆရာများအားလုံး ပါဝင်ရမှာ ဖြစ်လို့ ကလေးတွေကို စာသင်ခန်းထဲမှာ ထားပြီး ကလေးအချင်းချင်း ထိန်းခိုင်းတာမျိုး ဆော့ကစားခိုင်းထားတာမျိုး ကျောင်းကို ကြိုလွှတ်ပေး ဆင်းပေးလိုက်တာမျိုးဟာလဲ အကောင်းဆုံး ဖြေရှင်းနည်း မဟုတ်ဘဲ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်မှာကိုလဲ မဖြစ်ခင် ကြိုပြီး စဉ်းစားထားရမှာ ဖြစ်ပါတယ် အကောင်းဆုံးနည်းလမ်းကတော့ ကျောင်းအုပ်ကြီး ကိုယ်တိုင် မိမိ ဆရာဆရာမများအား

 ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေ ပြသနာတွေကို နားလည်အောင် ပြောပြ စည်းရုံးပြီး ညနေ ကျောင်းဆင်းချိန်မျိုးမှာ CPDကို လုပ်ဆောင်စေတာမျိုး ပိတ်ရက် စနေနေ့ လိုမျိုးမှာ အချိန်ယူပြီး စည်းရုံးလုပ်ဆောင်နိုင်မယ်ဆိုရင်တော့ တစ်လတစ်ကြိမ်သာမို့ ကလေးတွေကိုလဲ စိတ်ပူစရာ မလိုဘဲ အေးအေးချမ်းချမ်း ပြုလုပ်ဆောင်ရွက်နိုင်မယ်လို့ ထင်မြင်ယူဆပါတယ်။ 

                CPDချိန်မှာ ကျောင်းအုပ်ကြီးအနေနဲ့ မိမိနဲ့ အတူတွဲဖက် ပြုလုပ်ဆောင်ရွက်ရန်

အားကိုးရမယ့် ဘာသာပြခေါင်းဆောင်

တစ်ယောက်ကို ရွေးချယ်ထားရမှာ ဖြစ်ပြီး အဲဒီ

ဘာသာရပ်ခေါင်းဆောင်ဟာ CPD လုပ်ဆောင်ရန် အချိန်ဇယားရေးဆွဲခြင်း၊ကျောင်းအုပ်ကြီး မအားလပ်ပါက CPDလုပ်ဆောင်နေမှုကို 

အကဲဖြတ်စောင့်ကြည့်ခြင်း၊လိုအပ်သည်များပံ့ပိုးကူညီခြင်း တို့ကို ဆောင်ရွက်ပေးနိုင်ရမှာ

 ဖြစ်ပါတယ်

             ကျောင်းအုပ်ကြီးအနေနဲ့ မိမိကျောင်းရှိ ဆရာဆရာမများCPD အချိန်တွင် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လာနိုင်စေရေးအတွက် အားပေးကူညီမှုများ ပြုလုပ်ပေးရန် လိုတဲ့အပြင် ရေနွေးများ၊ သောက်သုံးရန် ရေများ ၊ဆွေးနွေးပွဲပြီးက စားသုံးရန် မုန့်များကို အသိအမှတ်ပြုကာ စီစဉ်ပေးနိုင်ပါက ပိုမို အဆင်ပြေနိုင်မှာ ဖြစ်ပြီး ဆရာဆရာမများအနေနဲ့လဲ CPD ပြုလုပ်တဲ့ အချိန်တိုင်း တက်တက်ကြွကြွ ပျော်ပျော်ပါးပါး ပျော်ပျော်ရွှင်ရွှင် နဲ့ ပိုမို ပူးပေါင်းဆောင်ရွက်လာမှာ ဖြစ်ပြီး CPDအစီအစဉ် ပိုမို ထိရောက် အောင်မြင်အောင် ဆောင်ရွက်လာနိုင်မှာ ဖြစ်တယ်လို့ လဲ တွေးဆမိပါတယ်

            CPD အစီအစဉ်ကို ဆောင်ရွက်နိုင်ရန် အချိန်ဇယားကို ကျောင်းအုပ်ကြီးရဲ့ ဦးဆောင် စည်းရုံးလမ်းညွှန်မှုနဲ့ မိမိကျောင်း အနေအထား အခြေအနေအရ စီစဉ်ဆောင်ရွက်နိုင်ရန် သင့်လျော်သည့်အချိန်ကို သတ်မှတ်ရေးဆွဲနိုင်ပါတယ် 

                CPD ကို အခြားကျောင်းများနှင့်လဲ ပူးပေါင်းဆောင်ရွက် ပြုလုပ်နိုင်ပါက ပိုမိုကောင်းမွန်ပါတယ် ဥပမာ-မိမိကျောင်းအုပ်စုတွင်းမှ သင်္ချာဆရာ/မများနဲ့ ညှိနှိုင်းကာ အတူတွေ့ဆုံလုပ်ဆောင်ခြင်း၊ အင်္ဂလိပ်စာ သင်ကြားမှုကို ခေါင်းစဉ်သတ်မှတ်ကာ သင်ခန်းစာကို ITPR နည်းနဲ့ ပြင်ဆင်ပြီး 5 Csရအောင် ချိတ်ဆက်၍ နယ်မြေအတွင်းရှိ ဆရာဆရာမများအား လက်တွေ့ပြိုင်ဆိုင် သင်ကြားစေပြီး ဆုချီးမြှင့်ပေးခြင်း၊ သင်ထောက်ကူပြိုင်ပွဲများ အုပ်စုအလိုက် နယ်မြေအလိုက် ပြိုင်ပွဲများ ကျင်းပပေးခြင်း စတာတွေဟာ ကောင်းမွန်သော သင်ယူလေ့လာမှုများ မျှဝေခြင်းများ ဆရာအတတ်ပညာ ဖွံဖြိုးတိုးတက်ရေးများအတွက် ပံပိုးဆောင်ရွက်ခြင်းများ ဖြစ်လို့ ဆရာဆရာများရဲ့ သင်ကြားသင်ယူမှု အနေအထားများကို တိုးတက်စေနိုင်ပါတယ် ဒါပေမယ့်လဲ ထိုကဲ့သို ဖြစ်စေရန် အချိန် ပိုမိုလိုအပ်မှာ ဖြစ်သကဲ့သို့ ကျောင်းအုပ်ကြီးများ ရဲ့ စိတ်အားထက်သန်မှု လုပ်ချင်ကိုင်ချင်စိတ် ရှိမှု ပူးပေါင်းဆောင်ရွက်လိုမှုတွေကလဲ အဓိက ကျတဲ့ အခန်းက ပါဝင်နေတာမို့ အချိန်တော်တော် လိုအပ်မှာ ဖြစ်ပါတယ်

               CPD လုပ်ဆောင်တဲ့အခါ သက်ဆိုင်ရာ ဘာသာပြများက ဘာသာရပ်ခေါင်းဆောင် မဖြေနိုင်သော ဖြေရခက်သော ဖြေရန်မလွယ်ကူသော ပညာပြလိုတဲ့ စိတ်နဲ့  သင်ကြားသင်ယူမှုနဲ့ ပတ်သက်တဲ့ မေးခွန်းများ မေးလာနိုင်ပါတယ် ထိုကဲ့သို့ ဖြစ်လာတဲ့အခါ ဘာသာရပ်ခေါင်းဆောင် အနေနဲ့ စိတ်ပူစရာ မလိုဘဲ လူတိုင်းဟာ လေ့လာသင်ယူနေရတာမို့ မဖြေနိုင်သေးကြောင်း ရှင်းပြပြီး နောက်လ CPDအချိန်မှာ ဖြေပေးမှာ ဖြစ်တဲ့အကြောင်း ရှင်းပြပါ ဒါမှ မဟုတ် အဖွဲ့ဝင်ထဲက သိသူ ရှိက ဆွေးနွေးပေးပါရန် ဖိတ်ခေါ်ပြီး ရှင်းပြခိုင်းပါ အဖွဲ့ဝင်ထဲက သိသူ မရှိပါက ရှာဖွေလေ့လာထားပြီး  နောက်လ CPD အချိန်မှာ ဖြေပေးမှာ ဆိုတဲ့အကြောင်း အကျိုးသင့် အကြောင်းသင့် ရှင်းလင်း တင်ပြပါ

              CPD အစီအစဉ် စတင် လုပ်ဆောင်တဲ့အခါ ပထမဦးဆုံး အနေနဲ့ ဘာသာရပ်ခေါင်းဆောင်မှ ဆွေးနွေးချိန် မိနစ်(၉၀)ပြီးသွားပါက ရရှိသွားမည့်ရလဒ်များကိုအဖွဲ့ဝင်များ သိအောင် ပြောပြထားရမှာဖြစ်ပြီး CPD လုပ်ဆောင်မယ့် အချိန်နဲ့ နေရာ ဘာသာရပ်တွေကိုပါ ကျောင်းရှိ ဆရာဆရာမတွေကို ကြိုတင်ပြောပြထားရမှာ ဖြစ်ပါတယ်   

          CPD အစီအစဉ် လုပ်ဆောင်တဲ့အခါ ပြုလုပ်ရမယ့် အပိုင်း ၄ ပိုင်း ရှိပါတယ် 


အပိုင်း(၁)အစပျိုးခြင်း


             အစပျိုးခြင်း အပိုင်းမှာ ပေးထားသော မော်ဂျူးခေါင်းစဉ်နှင့် နိဒါန်းကို ဖတ်ပါ

ဖတ်ပြီးပါက ဆွေးနွေးပါ ဟူသည့် ခေါင်းစဉ်အောက်တွင်ပါသော မေးခွန်းများကို ဘာသာရပ်ခေါင်းဆောင်မှမေး၍ ပါဝင်သူဆရာ/မများနှင့် 

အပြန်အလှန်ဆွေးနွေးကြရမှာ ဖြစ်ပါတယ်


အပိုင်း(၂)ချိတ်ဆက်သင်ကြားခြင်း

                  ချိတ်ဆက်သင်ကြားခြင်းအပိုင်းမှာ ခေါင်းစဉ်အောက်ရှိ နိဒါန်းကို ဖတ်စေမည် ဖတ်ပြီးလျှင် ဆွေးနွေးပါ ခေါင်းစဉ်အောက်ရှိ မေးခွန်းများကို ဘာသာရပ်ခေါင်းဆောင်မှမေးပြီး အပြန်အလှန် ဆွေးနွေးကြရပါမယ် ပြီးပါက ပေးထားသောဖတ်ပါ ဆွေးနွေးပါ စတဲ့ အဆင့်တိုင်းကို ဘာသာရပ်ခေါင်းဆောင်မှ ဦးဆောင် ပြုလုပ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ် 


အပိုင်း(၃)စီစဉ်သင်ကြားခြင်း

                   စီစဉ်သင်ကြားခြင်းအပိုင်းမှာ နောက်လသင်မယ့် သင်ခန်းစာများထဲမှ ခေါင်းစဉ်တစ်ခုကိုရွေးချယ်ပြီး ပေးထားသော မော်ဂျူးခေါင်းစဉ်နှင့် သင်ကြားနည်းများထဲမှ မိမိ 

သင်ကြားမယ့် သင်ခန်းစာပာ အကြောင်းအရာနှင့် ကိုက်ညီမယ့် သင်နည်းများ(သို့)လုပ်ငန်းပေး

သင်နည်းများကိုရွေးချယ်ပြီး ထိထိရောက်ရောက်သင်ကြားနိုင်ရန် မည်သည့်မေးခွန်းအမျိုးအစား များ မေးမည်၊မည်သို့group work၊

pair workလုပ်ငန်းပေးများ လုပ်ဆောင်ခိုင်းမည် ဆိုသည့်5Csထဲမှ တစ်ခုခုကို ရသွားစေမည့် မေးခွန်းများပြုစုခြင်း၊ မည်ကဲ့သို့ ရှင်းလင်း

သင်ကြားမည် ၊မည်သည့်သင်ထောက်ကူ 

ပစ္စည်းသုံးမည် စသဖြင့် ဘာသာပြဆရာ၏ 

ကိုယ်ပိုင်ဗလာစာအုပ်တွင် စီစဉ်ရေးဆွဲရပာမယ်(ဘာသာပြဆရာ စီစဉ်ရေးဆွဲရမည့်ဇယားကို

CPD လက်စွဲစာအုပ်ထဲက မော်ဂျူးတစ်ခုချင်းစီမှာ ပြထားဖော်ပြပေးထားပါတယ်) သင်ကြားနည်းနှင့် မေးခွန်းထုတ်တဲ့အခာ အဓိပ္ပါယ်ရှင်းလင်းမှု မရှိပါက ဘာသာရပ်ခေါင်းဆောင်နှင့်အဖွဲ့ဝင် ဘာသာပြဆရာ/မများအချင်းချင်း တိုင်ပင်ဆွေးနွေးခြင်းအားဖြင့် ကိုယ့်အခက်အခဲကို

 ဖြေရှင်းနိုင်ပြီး နည်းလမ်းသစ်များလည်း ရသွားမှာ ဖြစ်ပာတယ် သင်ခန်းစာ အစီအစဉ်ရေးဆွဲပြီး

ပါက ဘာသာရပ်ခေါင်းဆောင်မှ အဖွဲ့ဝင်များအား အောက်ပါအတိုင်း အသိပေးပြောကြားထားရပါမယ်


"ယခု ပြင်ဆင်ထားသော သင်ခန်းစာသည် 

နောက်လတွင် သင်မည့်သင်ခန်းစာဖြစ်သဖြ

င့် နောက်လတွင် သင်ပြီးပါက မိမိကိုယ်ကို 

ဆန်းစစ်ထားသော သင်ကြားခြင်းနှင့် ပတ်သက်သည့် ဆန်းစစ်ချက်များကို သင်ခန်းစာအစီအစဉ်ရေးဆွဲထားသည့် ဇယားအောက်၌ ရေးသားထားရပာမယ်"

                    သင်ကြားပြီးလျှင် မိမိကိုယ်ကိုယ် ဆန်းစစ်ရမည့်မေးခွန်းများမှာ-


-ကျောင်းသား/သူများသည် ဘာတွေကို 

သင်ယူခဲ့သနည်း။


_5Csထဲမှ Cဘယ်နှစ်လုံး ပေးခဲ့နိုင်သနည်း ။


_ထိုသို့ သင်ယူရရှိခဲ့သည်ကို သင်မည်သို့ 

 သိသနည်း။


-သင်သည် ကြိုတင်ပြင်ဆင်ထားသော

သင်ကြားမှုအစီအစဉ်အတိုင်း 

သင်ကြားနိုင်ခဲ့ပါသလား။


_ ပြောင်း လဲသင်ကြားခဲ့သည်ရှိသော် 

 မည်သည်ကြောင့်နှင့် မပြောင်းလဲခဲ့လျှင်လည်း

 မည်သည်ကြောင့်ဆိုသည်ကို ရှင်းပြပါ။


-ဤသင်ခန်းစာကို ပြန်လည်သင်ကြား

ရမည်ဆိုလျှင် မည်သို့သော အပြောင်း

အလဲများကို ပြုလုပ်လိုပါသလဲ။


စသည့်မေးခွန်းများဖြင့် မိမိကိုယ်ကို ဆန်းစစ်

ပြီး ရလဒ်များကို မှတ်တမ်းပြုစုရေးသား

ထားပြီး နောက်လ CPD စချိန်တွင် လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေးခြင်းဖြင့် နောက်လ ပြင်မည့်သင်ခန်းစာအတွက် များစွာ အကျိုးပြုနိုင်ပါမည်ဖြစ်ကြောင်း အသိပေးပြောကြားရမည်။နောက်လ CPDအချိန်တွင်  ပြန်ဆွေးနွေးရမည် ဖြစ်ကြောင်း ကိုလဲ ဆရာဆရာမများအား အသိပေး ပြောပြထားရပါမယ်


အပိုင်း(၄) ပြန်လှန်သုံးသပ်စဉ်းစားဆင်ခြင်ခြင်း

                        ဤအပိုင်းသည် အဖွဲ့လိုက် ဆွေးနွေးရမှာ ဖြစ်ပါတယ်  ယခုလအတွက် CPD အစီအစဉ်မှ စိတ်ဝင်စားဖွယ် အကောင်းဆုံးအကြောင်းအရာ၊ အသုံးဝင်ဆုံးအကြောင်းအရာကို ဆွေးနွေးပြီး ထပ်မံသိလိုသည်များ

ကို ဆွေးနွေးခြင်းဖြင့် ဆောင်ရွက်ခဲ့သော CPDအစီအစဉ်များကို ပြန်လှန်သုံးသပ်ခြင်းများ ပြုလုပ်ရမှာ ဖြစ်ပါတယ် 


               ထို့နောက် ယခုလအတွက် 

သင်နည်း အသစ်(၃)မျိုးကို သင်ခန်းစာများ တွင် ထည့်သွင်းအသုံးပြုသင်ကြားနိုင်ရန်နှင့် 

အသုံးပြုနိုင်စေရန် ဘာသာရပ်ခောင်းဆောင်က မျှဝေ အသိပေးပြောကြား ပေးရပါမယ် CPD မော်ဂျူးတစ်ခုပြီးတိုင်း သင်ခန်းစာများတွင် အသုံးပြုသင်ကြားနိုင်ရန် သင်ကြားနည်း အသစ် ၃ မျိုးကို ထည့်သွင်းပေးထားမှာ ဖြစ်ပြီး ဘာသာရပ်ခေါင်းဆောင်က CPD အစီအစဉ် လုပ်ဆောင်ပြီးတိုင်း သင်နည်းသစ် ၃ မျိုးကို လစဉ်တိုင်း မျှဝေပြောပြ ပေးရမှာ ဖြစ်ပါတယ်


                     ဘာသာရပ်ခေါင်းဆောင်က

 မော်ဂျူးတစ်ခု ဆွေးနွေးပြီးတိုင်း သင်နည်းအသစ်(၃)မျိုးကို အဖွဲ့ဝင် ဆရာဆရာမများအား မျှဝေပေးပြီးနောက်မှာ အဖွဲ့ဝင်ဆရာဆရာမ များအား CPDအစီအစဉ်မှာ တက်ကြွစွာ ပါဝင် ဆွေးနွေးပေးသည့်အတွက် အထူး ကျေးဇူးတင်ပါကြောင်း ကျေးဇူးတင် စကားပြောကြားပေးရမှာ ဖြစ်ပြီး အသိအမှတ်ပြု ကျေးဇူးတင်စကား ပြောပြီးနောက်မှ  ဆွေးနွေးပွဲကို  ရုတ်သိမ်း ပြီးဆုံးရမှာ ဖြစ်ပါတယ် 

      #Phyo Yar Zar Oo(Education)


အကိုးအကား_

*စဉ်ဆက်မပြတ် ဆရာ့အတတ်ပညာ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်သင် ဆရာများ သင်တန်းလက်စွဲ 

(မတ်လ၊ ၂၀၁၉) ပညာရေးဝန်ကြီးဌာန



Comments

Popular posts from this blog

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ

G12စနှစ်သစ်မေးခွန်းပုံစံ