အက္ခရာ ဥ၊ အက္ခရာ ဦ၊ အက္ခရာ ဦး
အက္ခရာ ဥ၊ အက္ခရာ ဦ၊
အက္ခရာ ဦး
••••••••••••••••••••••••••
မောင်ခင်မင်(ဓနုဖြူ)
"ဆရာ ဒါကျွန်မတူမကလေးပါ။ သူက မူလတန်းပြဆရာမပါ"
တပည့်ဖြစ်သူ အထက်တန်းကျောင်းအုပ် ဆရာမကြီး တစ်ယောက်က သူ့တူမကလေးနှင့်အတူ ရောက်လာပြီး စကားစပါသည်။
"သြော်... ဆရာမကြီးက ဆရာမလေးကို ခေါ်လာတယ်ဆိုပါတော့၊ ဘာများမေးစရာ၊ ဆွေးနွေးစရာ ရှိလို့ပါလိမ့်"
"ကဲ...သမီးက ဆရာကြီးကို ပြောပြလိုက်လေ"ဟု တပည့်ကျောင်းအုပ်က တူမကလေးကို စကားလမ်းကြောင်းပေးလိုက်သည်။
"ဆရာကြီး၊ သမီးတို့ သူငယ်တန်းမှာ မြန်မာစာသင်တော့ စာလုံးပေါင်းဆိုပုံ ဆရာမတစ်ယောက်နဲ့တစ်ယောက် မတူတာတွေ ရှိနေလို့ပါ"
"အေး...အေး။ ဆရာကြားတာကတော့ အချို့က 'စျ'ကို 'စျ'မျဉ်းဆွဲလို့ မဆိုဘဲ 'စလုံးယပင့်'လို့ ဆိုသတဲ့။ အချို့ကတော့ 'အက္ခရာသြ'ကို 'သရရစ်သြ'လို့ ဆိုသတဲ့။ သမီးတို့ရော အဲဒီလိုဆိုသလား"
"မဆိုပါဘူးဆရာကြီး၊ 'စျ'ဟာ ဘေးကမျဉ်းကလေးဆွဲထားလို့ စျမျဉ်းဆွဲလို့ခေါ်တယ်၊ အသံဖော့ပြီး စျမျဉ်ဆွဲလို့လည်း ခေါ်တယ်လို့ ပညာရေးကောလိပ်မှာတုန်းက သင်ခဲ့ဖူးပါတယ်"
"ဟုတ်ပြီ၊ ဟုတ်ပြီ"
"အက္ခရာသြဟာလည်း သကို ရရစ်ထားတာ မဟုတ်ဘူး။ မူလကတည်းက အဲဒီအက္ခရာပုံစံမို့ အက္ခရာသြလို့ပဲ ဖတ်ရတယ်လို့ သင်ရပါတယ်"
"အေးပေါ့၊ သရရစ်ဆိုရင် 'သရ'လို့ လျှာလိပ်သံနဲ့ အသံထွက်ရမှာပေါ့။"
" 'အော'လို့ ဘယ်အသံထွက်မှာလဲ"
"ဟုတ်ကဲ့ပါ ဆရာကြီး"
"သမီးက ဘယ်စာလုံးပေါင်းဆိုပုံကို သိချင်တာလဲ"
"သမီးသိချင်တာက 'ဦး'ကို ဘယ်လိုစာလုံးပေါင်းပြီး ဆိုရတယ်ဆိုတာ သိချင်လို့ပါ ဆရာကြီး။ သမီးတို့ကျောင်းမှာ သမီးနဲ့ သူငယ်ချင်းဆရာမတစ်ယောက်နဲ့ ဆိုပုံချင်းမတူလို့ပါ"
"ဘယ်လိုမတူတာလဲ သမီးရဲ့"
"သမီးက ဦးကို 'အက္ခရာဦး'လို့ဆိုပြီး သင်ပေးတယ်။ သူငယ်ချင်းဆရာမက 'အက္ခရာဥ၊ လုံးကြီးတင်ဆန်ခတ်ဦ ဝစ္စနှစ်လုံးပေါက် ဦး'လို့ ဆိုမှ မှန်တယ်လို့ပြောနေလို့ပါ ဆရာကြီး"
"အင်း...ဟုတ်ပါပြီ။ ဘယ်ဟာမှန်တယ်မပြောခင် သမီးတို့ ကလေးတွေကို အ၊ အာ၊ အိ၊ အီ ဆိုတဲ့ စာလုံးတွေ ဘယ်လို စာလုံးပေါင်းပြတယ်ဆိုတာ သိချင်လို့ နည်းနည်းဆိုပြပါလားကွယ်"
"ဟုတ်ကဲ့၊ အရေ အ၊ အရေးချ အာ၊ အရေးလုံးကြီးတင် အိ၊ အရေးလုံးကြီးတင်ဆန်ခတ် အီ၊ ဝစ္စနှစ်လုံးပေါက် အီး..."
"ဟုတ်ပြီ၊ ဟုတ်ပြီ။ သမီးအခုဆိုပြသွားတာ 'အရေအ'ဆိုတာ ဘာအဓိပ္ပာယ်လဲသမီး"
ခဏစဉ်းစားပြီး "သမီးသေသေချာချာမသိပါဘူး ဆရာကြီး"
"စာစသင်စမှာ စာလုံးကို တစ်ဆင့်ပြီးတစ်ဆင့် ဘယ်လိုရေးရတယ်ဆိုတာ ကလေးတွေမှတ်မိအောင် စာလုံးပေါင်းပြတာလေ၊ 'အရေအ'ဆိုတာ အမှန်က 'အရေးအ'လို့ဆိုတာ အသံပေါ့သွားလို့လေ။ အဓိပ္ပာယ်က အ ရေးရင် အလို့အသံထွက်ရတယ်လို့ ပြောတာကွဲ့"
"နားလည်ပါပြီ ဆရာကြီး"
"အဲဒီလိုပဲ 'အရေးချ အာ'ဆိုတာ အကိုရေးချရင် အာလို့အသံထွက်တယ်လို့ ဆိုလိုတာ။ ရေးချဆိုတာ ဘေးမှာကွေးကွေးလေး ရေးချလိုက်တာကိုပြောတာ"
"ဟုတ်ကဲ့ပါ"
"အရေလုံးကြီးတင်အိ ဆိုတာ အ ရေးပြီး အပေါ်က အလုံးကြီးတင်လိုက်လို့ လုံးကြီးတင်ခေါ်တာ၊ အရေးပြီး လုံးကြီးတင်လိုက်ရင် အိလို့ အသံထွက်ရတယ်ပေါ့"
"ဟုတ်ကဲ့ပါ"
"အရေးလုံးကြီးတင်ဆန်ခတ် အီ ဆိုတာက အဲဒီလုံးကြီးတင်မှာ အဆန်ကလေးထည့်လိုက်တာလေ။ အရေးပြီး လုံးကြီးတင် ဆန်ခတ်လိုက်တော့ အီလို့ အသံထွက်တယ်ပေါ့"
"နားလည်ပါပြီ ဆရာကြီး"
"ဒါဆိုရင် နောက်စာလုံးပေါင်းတွေကိုလည်း သမီးနားလည်ရောပေါ့။ တစ်ချောင်းငင်ဆိုတာ အောက်က အချောင်းကလေး တစ်ချောင်းဆွဲတာပေါ့၊ 'ငင်'ဆိုတာ'ဆွဲ'တာကို ခေါ်တာ။ 'နှစ်ချောင်းငင်'ကျတော့ အချောင်းနှစ်ချောင်း ဆွဲတာပေါ့၊ 'သဝေထိုး'ဆိုတာ ဘေးက အကွေးကလေး ထိုးလိုက်တာလေ။ 'နောက်ပစ်'က အပေါ်မှာ အချောင်းကလေး နောက်ကဆွဲပစ်ထားတာလေ။ တချို့က နောက်ထိုးပစ်လို့လည်း ခေါ်ကြတယ်"
"ဟုတ်ကဲ့ပါ"
"အရေးကြီးတာက အဲဒီ ရေးချတို့၊ လုံးကြီးတင်တို့ ဆိုတာတွေက ဗျည်းနဲ့တွဲရတဲ့ သရပုံစံတွေဆိုတာ သိဖို့ပဲ၊ ဆရာရေးပြမယ်"။ ကျွန်တော်က ဤသို့ရေးပြလိုက်သည်။
'-၊ -ာ ၊-ိ ၊-ီ ၊-ု ၊-ူ၊ ေ-၊ -၊ဲ ေ-ာ၊ ေ-ှာ၊ -ို'
"အဲဒီမှာ မျဉ်းတိုပြထားတဲ့ ကွက်လပ်မှာ ဗျည်းတွေထည့်ရတယ် မဟုတ်လား။ 'က'ထည့်တယ် ဆိုပါတော့။ 'က၊ ကာ၊ ကိ၊ ကီ၊
ကု၊ ကူ၊ ကေ၊ ကဲ၊ ကော၊ ကော်၊ ကို' ဖြစ်တာပေါ့"
"နားလည်ပါပြီ ဆရာကြီး"
"ဒီလိုဆိုရင် နောက်တစ်ဆင့်ပြောမယ်နော်။ အ ကို ရေးချရင် အာလို့ အသံထွက်တယ်။ က ကို ရေးချရင် ကာလို့ အသံထွက်တယ်မဟုတ်လား"
"ဟုတ်ပါတယ် ဆရာကြီး"
"ဒီလိုဆိုရင် ရေးချဟာ အာသရနဲ့ အတူတူပေါ့။ ဒါကြောင့် ကကိုရေးချတာ၊ ကနောက်က အာ သရ တွဲတာမို့ ကာဖြစ်သွားတာပေါ့"
"ဟုတ်ကဲ့ပါ"
"ဘယ်လိုမှတ်ရမလဲဆိုရင် ဟောဒီလိုမှတ်ပေါ့။ ဆရာရေးပြမယ်"
ကျွန်တော်က ရေးပြလိုက်ပါသည်။
-ာ= အာ၊-ိ=အိ၊-ီ=အီ၊-ု=အု၊-ူ=အူ၊ ေ-=အေ၊ -ဲ=အဲ။ ေ-ာ-=အော၊ ေ-ှာ =အှော၊ -ို=အို
"သမီးတို့က ကလေးတွေကို အခြေခံကစပြီး သင်ရတဲ့ဆရာမတွေမို့ သေသေချာချာ သိဖို့လိုတယ်လေ၊ ဒါကြောင့် ဆရာ အသေးစိတ်ရှင်းပြနေတာပါ"
"ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်"
"ခုရေးပြတဲ့ အက္ခရာတွေက သရအက္ခရာတွေပေါ့။ ဒါပေမဲ့ ဒီသရတွေက မူရင်းအတိုင်းမဟုတ်သေးဘူးကွဲ့။ နောက်မှ အနဲ့ တွဲရေးဖို့ ပုံစံပြောင်းထားတဲ့သရတွေပါ"
"ရှင်...ဆရာကြီး။ ဒါဆို မူရင်းသရတွေက ဘာတွေပါလဲ"
"ခုပြောပါ့မယ်။ မူရင်းသရတွေက 'အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ သြ၊ သြော်၊ အို' ဆိုတဲ့သရ ဆယ့်တစ်လုံးပဲ။ မြန်မာစာ စပေါ်ကတည်းက သုံးတဲ့ သရတွေပေါ့" ရေးပြရင်း ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ"
"ကဲ...သမီး၊ အဲဒီဆယ့်တစ်လုံးထဲက 'အ'နဲ့ တွဲမရေးရဘဲ ပုံစံသီးခြားဖြစ်နေတဲ့ သရစာလုံးတွေ ထုတ်ရေးပြစမ်းပါကွယ်"
"ဟုတ်ကဲ့ပါ။ 'ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ သြ၊ သြော်' အဲဒီခုနစ်လုံးပါ ဆရာကြီး"
"ဟုတ်ပြီ။ အဲဒီခုနစ်လုံးက 'အ'တို့'က'တို့နဲ့တွဲပြီး စာလုံးပေါင်းထားတာမဟုတ်ဘဲသီးခြားအက္ခရာတွေမို့ ကလေးတွေကို သင်တဲ့အခါ အရေးချ အာ၊ အရေးလုံးကြီးတင် အိ ဆိုတာမျိုး စာလုံးပေါင်းပြီး မဆိုရဘူး၊ သီးခြား အက္ခရာတွေဆိုတဲ့ အဓိပ္ပာယ်နဲ့ 'အက္ခရာ ဣ၊ အက္ခရာ ဤ၊ အက္ခရာ ဥ၊ အက္ခရာ ဦ၊ အက္ခရာ ဧ၊ အက္ခရာ သြ' စသည်ဖြင့် ဆိုရတယ်ကွဲ့"
"ဦ တော့ သိပါပြီ။ ဦးကျတော့ရော ဆရာကြီး"
"ပုဂံခေတ်တုန်းက ဝစ္စပေါက်ကို ပုံမှန်မသုံးသေးဘူးကွဲ့၊ နောက်မှ ဦးဆိုတဲ့ အသံရအောင် ဦကို ဝစ္စပေါက်ထည့်လိုက်တာပါ။ အက္ခရာဦးလို့ပဲ ဆိုရတယ်ကွဲ့"
"ဒါဆိုရင် အက္ခရာ ဥ လုံးကြီးတင်ဆန်ခတ် ဦ၊ ဝစ္စနှစ်လုံးပေါက် ဦးလို့ ဆိုတာ မှားတာပေါ့နော်"
"ကဲ...ဆရာမေးမယ် လုံးကြီးတင်ဆန်ခတ် သရသံကို ဘယ်လိုထွက်ရသလဲ"
"အီလို့ ထွက်ရပါတယ်ဆရာကြီး"
"ဟုတ်တယ် ဘယ်ဗျည်းကိုဖြစ်ဖြစ် လုံးကြီးတင်ဆန်ခတ်ရင် အီသရသံပဲ ထွက်တယ်။ 'ကီ၊ စီ၊ နီ၊ တီ၊ ပီ၊ အီ' ဟုတ်တယ်မဟုတ်လား"
"ဟုတ်ပါတယ်"
"ဒီ့အပြင် ဗျည်းအားလုံးကို လုံးကြီးတင်ဆန်ခတ်ရင် အီလို့ထွက်ရတာ၊ အက္ခရာဥကျမှ လုံးကြီးတင်ဆန်ခတ်ရင် အူလို့ ထွက်ရမယ်ဆိုတာက ရှေ့နောက် မညီညွတ်ဘူးလေ။ ပြီးတော့ ဥ ဆိုတာ အ တစ်ချောင်းငင် အုနဲ့ အတူတူပဲမဟုတ်လား"
"ဟုတ်တယ်"
"အုကို လုံးကြီးတင်ဆန်ခတ်ရင် အသံထွက်လို့မရဘူး။ အဲဒီစာလုံးမျိုး မြန်မာစာမှာ မရှိဘူးလေ။ နှစ်ချောင်းငင်ပြီး ဝစ္စပေါက်ရင်တော့ 'အူး'လို့ အသံထွက်မှာပေါ့"
"ဟုတ်ကဲ့ပါ"
"ပြီးတော့ ဦးမှာပါတဲ့ အဆန်ကလေးဟာ လုံးကြီးတင်ဆန်ခတ်လည်း မဟုတ်ဘူး၊ ပုံစံချင်းသာ တူတာလေ။ ဒါကြောင့် သီးခြား အက္ခရာတွေဖြစ်တဲ့ ဥ၊ ဦ၊ ဦး ကို အက္ခရာဥ၊ အက္ခရာ ဦ၊ အက္ခရာ ဦးလို့ပဲ အစဉ်အဆက် အသံထွက်ခဲ့ကြတာပေါ့ကွယ်"
"နားလည်ပါပြီ ဆရာကြီး၊ ကျေးဇူးတင်ပါတယ်။"
မောင်ခင်မင်(ဓနုဖြူ)
မြန်မာစာ စကားဝိုင်း
စာအုပ်(၂)မှ…။
______
Win Oo
Comments
Post a Comment