KG ( သူငယ်တန်း ) စနစ်သစ် သင်ကြားရေးအကြောင်း တစေ့တစောင်း

 KG ( သူငယ်တန်း ) စနစ်သစ် သင်ကြားရေးအကြောင်း တစေ့တစောင်း

-------------------------------------------------------------


🌸 (၁)


ဗျည်းများကို စတင်ရေးသားခြင်း

(ဝ ပ ဂ င)

-------------------------------------------------------------

ရေးသားခြင်း ဆိုပေမယ့် KG တန်းအတွက် အရေးသင်တဲ့ အခါမှာ ပထမဆုံးအနေနဲ့ စာအုပ်ထဲမှာ စတင်ပြီး ကူးရေးခိုင်းဦးမှာ မဟုတ်ပါဘူး။ မူလတန်းအရွယ် စာရေးလေ့ကျင့်တဲ့နေရာမှာ လိုက်နာရမယ့် Writing level စနစ်အတိုင်းသာ စတင်မှာ ဖြစ်ပါတယ်။


ဥပမာ

ဝ အက္ခရာ စသင်ရင် ဝ နဲ့ပတ်သက်တဲ့ ကဗျာလေးတွေ လိုက်ဆိုစေပြီး ဝ အသံကို မှတ်သားစေမှာ ဖြစ်ပါတယ်။


(ဝ

ဝလုံး ဝလုံး ဖိုးဝလုံး

ချစ်စရာလေး ဖိုးဝလုံး

ချိုချိုပြုံးတဲ့ ဝလုံးရယ်

ဝိုင်းဝိုင်းကလေး ရေးပါတယ်)


ပြီးရင် ပတ်ဝန်းကျင်နဲ့ ဆက်စပ်ပြီး စဉ်းစားတတ်စေဖို့ ဝ နဲ့နီးစပ်တဲ့ ဆက်စပ်အသံထွက်တွေဖြစ်တဲ့ ဝါး တို့လို စာလုံးအသံထွက်တွေကိုပါ တွေးခိုင်းစေမှာပါ။


ပုံကားချပ်လေးတွေပြပြီး ဝ အသံပါတဲ့ ပုံတွေကို ရွေးခိုင်းတာမျိုး (ဝက်သား၊ ဝက်အူ၊ ဝါဂွမ်း)

မိမိတို့ သူငယ်ချင်းတွေထဲက ဝ အမည်ပါတဲ့ မိမိတို့သူငယ်ချင်းတွေကို ရွေးခိုင်းတာမျိုးအထိ တီထွင်သက်ကြား ပေးနိုင်ရမှာ ဖြစ်ပါတယ်။


ဝ အသံကို မှတ်မိပြီဆိုမှ နောက်တစ်ဆင့်တတ်လို့ ဆရာက ဝ အက္ခရာကို ပြသပေးရမှာ ဖြစ်ပါတယ်။


ဝ ကို စတင်ရေးသားတဲ့နေရာမှာ ပထမဦးဆုံးအနေနဲ့ အရစ်အဆွဲမှန်ကန်ဖို့ အမူအရာနဲ့ လေထဲမှာ ဝ အက္ခရာကို ရေးပြရမှာဖြစ်သလို 

ကလေးများကလဲ  လေထဲမှာပဲ ဝ သဏ္ဍာန်ကို အရစ်အဆွဲမှန်စွာ လိုက်ရေးကြည့်စေမှာဖြစ်ပါတယ်။


လေထဲရေးတဲ့ အလေ့အကျင့်ပြီးရင် တစ်ယောက်ကျောပေါ် တစ်ယောက် ဝ သဏ္ဍာန်ကို ရေးကြည့်စေမှာပါ။ 

(သဲလေးတွေခင်းလို့ လက်ညှိုးနဲ့ အရစ်အဆွဲမှန်အောင် ဝ သဏ္ဍာန်ကို လေ့ကျင့်စေနိုင်ပါတယ်)


နောက်ဆုံးအနေနဲ့ အသားကျပြီ အရစ်အဆွဲတွေ မှန်ပြီဆိုမှ လေးကြောင်းမျဉ်း ဗလာစာအုပ်ထဲမှာ အရေးကို စတင်လေ့ကျင့်စေမှာ ဖြစ်ပါတယ်။


ပျမ်းမျအားဖြင့်  ဗျည်းတစ်လုံးအတွက် ၁ ပတ်လောက်ထိ အချိန်ယူ သင်ကြားပေးမှာဖြစ်ပါတယ်။


🌸 (၂)


ကလေးတွေ ဘက်စုံဖွံဖြိုး တိုးတတ်မှုဖြစ်စေနိုင်မယ့် သင့်လျော်သော သင်ကြားမှု ပုံစံများ

-------------------------------------------------------------

KG တန်းအတွက် ကလေးတွေကို သမားရိုးကျ သင်ကြားနည်းပုံစံတွေ အကဲဖြတ်နည်းတွေနဲ့ သွားမှာ မဟုတ်ပါဘူး။ 


အဓိကတော့ ကလေးတစ်ယောက်မှာ ရှိရမယ့် ပြည့်စုံရမယ့်

ကိုယ်ခန္ဓာနှင့် စိတ်ဓါတ်

အသိဉာဏ်

အတွေးအခေါ်

ပေါင်းသင်းဆက်ဆံရေး

ကိုယ်ကျင့်တရား

ယဉ်ကျေးမှု

စိတ်လှုပ်ရှားမှုနဲ့ ခံစားမှု တို့ ပြည့်စုံစေဖို့ကို ရည်ရွယ်တာ ဖြစ်ပါတယ်။


ဒီလို ဘက်စုံဖွံဖြိုးစေဖို့ဆိုတာ သင်ကြားရေးမှာလဲ သမားရိုးကျ အဟောင်းတွေက ခွဲထွက်လို့ နယ်ပယ်စုံထိတွေ့စေနိုင်မယ့် သင်ကြားမှုပုံစံ မဖြစ်မနေ ပြောင်းသင်ရမှာပါ။


ဥပမာ

ငါးကလေးတစ်ကောင်အကြောင်း သင်မယ်ဆိုပါစို့

ငါးဆိုတဲ့ စကားလုံးကို လိုက်ရေး လိုက်ဆို အလွတ်ကျက်ဆိုတဲ့ ပုံစံခွက်ကနေ ခွဲထွက်ဖို့ လိုပါတယ်။


ဥပမာ

ကိုယ်လက်လှုပ်ရှားမှုနဲ့ နဲ့ ပေါင်းသင်းဆက်ဆံမှု ဖွံဖြိုးစေဖို့ ငါးကလေးနဲ့ဆိုင်တဲ့ ကဗျာ၊ သီချင်းတွေ သီတိုရင်း တေးသရုပ်ဖော်ပုံစံ ပြုလုပ်ခြင်းမျိုးနဲ့ သင်ကြားပေးနိုင်ပါတယ်။


ငါးကလေးနဲ့ ပတ်သက်တဲ့ ပုံပြင်တွေပြောပြရင်း အဲဒီပုံပြင်ထဲမှာ ကလေးတွေရဲ့ စာရိတ္တကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုပေးနိုင်မယ့် အကြောင်းအရာတွေကို ဖန်တီးပြောပြရမှာပါ။


တီထွင်ဖန်တီးတဲ့စိတ် ဖြစ်စေဖို့

အနုပညာကို ခံစားတတ်စေဖို့နဲ့

သိပ္ပံဆိုင်ရာ စိတ်ဝင်စားစေဖို့အတွက်ကတော့

စက္ကူငါးရုပ်ကလေးတွေ ကိုယ်တိုင်ခေါက်စေပြီး ဆေးခြယ်တာတွေ ပြုလုပ်စေမယ်။ ဒါ့အပြင် ငါးရုပ်လေးတွေမှာ pin လေးတွေထိုးပြီး ငါးများတိုင်း ကစားစေမယ်။ သံလိုက်ငါးလေးတွေလုပ်ပြီး သံတုံးလေးတွေ ကြိုးချည်ပြီး ငါးများတဲ့ သင်ထောက်ကူမျိုးတွေ ဖန်တီးပြီး ကလေးတွေရဲ့ သိပ္ပံဆိုင်ရာ သိချင်စိတ်ကို နိုးဆွပေးတဲ့ သင်ကြားရေးမျိုး ဖြစ်စေမယ်။


သချာင်္ဆိုင်ရာ တွက်ချက်မှုစွမ်းရည် ဖွံဖြိုးစေဖို့ ငါးကလေးတွေကို ရေတွက်တာမျိုး ငါးကလေးတွေ ဘာတွေစားသောက်လဲ ဘယ်လိုသွားလာ လှုပ်ရှားလဲဆိုတာ သိစေဖို့ ငါးမွေးကန်လေးတွေနဲ့ လက်တွေ့ပြသပြီး ပတ်၀န်းကျင်ကို စူးစမ်းလေ့လာတတ်တဲ့စိတ်အခံကို ရရှိစေမယ်။


ဒါကြောင့် KG တန်းအတွက် ဘယ်ဘာသာရပ်ကိုပဲ သင်သင် အခုလို ကလေးရဲ့ ဘက်စုံဖွံဖြိုးမှုကို အထောက်အကူဖြစ်စေမယ့် နယ်ပယ်စုံထိတွေ့စေနိုင်မယ့် သင်ကြားမှုမျိုးကို ဆရာ ဆရာမတွေအနေနဲ့ ဖန်တီးသင်ကြားပေးရမှာ ဖြစ်ပါတယ်။


🌸 (၃)


ရည်ရွယ်ချက်ပေါက်မြောက်စေဖို့ဆိုတာ ဘာလဲ

-------------------------------------------------------------

KG တန်းအတွက် စက္ကူခေါက်ချိုး အရုပ်ချိုးနည်းတွေ သင်ကြားပေးရတဲ့ ရည်ရွယ်ချက်ကတော့ 

(၁) ကလေးတို့ရဲ့ လက်ချောင်းကြွက်သားတွေ သန်မာစေဖို့ 

(၂) သတ္တဝါပုံတွေနဲ့ ရင်းနှီးစေဖို့

(၃) တီထွင်ဖန်တီးတတ်တဲ့ အလေ့အထကောင်းတွေ ဖြစ်စေဖို့ပါ။


ကလေးတစ်ယောက်ကို စက္ကူအရုပ်ချိုးနည်းတွေ ဘာလို့သင်ပေးရလဲဆိုတဲ့ ရည်ရွယ်ချက်ကိုသိရင် အဲဒီရည်ရွယ်ချက်ကိုရောက်အောင် စက္ကူခေါက်ချိုးနည်း မဟုတ်တဲ့ တခြားသောနည်းလမ်းတွေ တီထွင်မှုတွေနဲ့ ပြောင်းလဲပြီး သင်ကြားပေးနိုင်မှာ ဖြစ်ပါတယ်။


ဥပမာ

လက်ချောင်းကြွက်သားတွေ သန်မာစေဖို့

လက်ချောင်းပန်းချီ  ရေးဆွဲစေတာ

ရွှံရုပ်လေးတွေ ပြုလုပ်စေတာ

ငုတ်တိုင်လေးတွေမှာ သားရေပင်းလေးတွေ လိုက်စွပ်ရင်း အရုပ်ကလေးတွေ ဖော်တာမျိုးထိပါ 

နည်းစနစ်ပြောင်းပြီး လေ့ကျင့်စေနိုင်မှာ ဖြစ်ပါတယ်။


သင်ထောက်ကူလို့ ဆိုရာမှာ ပုံသေကားကျမျိုး မဟုတ်ဘဲ မိမိတာဝန်ကျရာဒေသမှာ အလွယ်တကူရနိုင်မယ့် ဒေသထွက်ပစ္စည်းတွေကိုလဲ ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ 

ဥပမာ

ထန်းလက်နုတွေ

အုန်းလက်တွေ

ရွှံစေးနဲ့ ခရုခွံလေးတွေအထိ အသုံးဝင်နိုင်ပါတယ်။


သင်ခန်းစာရဲ့ အဓိကရည်ရွယ်ချက်ကို သိပြီဆိုရင် အဲဒီရည်ရွယ်ချက်ဆီ ရောက်အောင်သွားမယ့် သင်နည်းစနစ် သင်ထောက်ကူတွေက ပုံသေမရှိပဲ ဆရာ ဆရာမတို့ရဲ့ ကျွမ်းကျင်လိမ္မာမှု  စိတ်ဝင်တစားရှိမှုနဲ့ ဖန်တီးနိုင်မှုစွမ်းအားတွေကသာ သင်ကြားရေးရည်ရွယ်ချက်ဆီ ဘယ်လောက်ထိရောက်ရှိမလဲဆိုတာ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။


🌸 (၄)


ကစားရင်းနဲ့ သင်ယူစို့

--------------------------

ကလေးတို့ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း ရစေဖို့ ပေါင်းသင်းဆက်ဆံရေးစိတ်ဓါတ် ဖြစ်စေဖို့ အတူတကွပူပေါင်းဆောင်ရွက်နိုင်စေဖို့အတွက် ရည်ရွယ်ပြီး သင့်တော်ရာ ကစားနည်းတွေနဲ့ ကလေးတို့ ဘက်စုံဖွံဖြိုးတိုးတတ်စေဖို့  ဦးတည်စေမှာ ဖြစ်ပါတယ်။


ဒါကြောင့် ကစားခြင်းနဲ့ပတ်သက်တဲ့ ကစားခြင်း(၃) နည်းကို မိတ်ဆက်ပေးလိုက်ပါတယ်။


(၁) လွတ်လပ်စွာ ကစားခြင်း

ကလေးတို့ စိတ်အားထက်သန်စေဖို့ ပျော်ရွှင်စေဖို့နဲ့ ဖန်တီးနိုင်မှု အားကောင်းစေဖို့ကို ရည်ရွယ်ပြီး ကစားစေခြင်း ဖြစ်ပါတယ်။

ဒီလို ကစားတဲ့နေရာမှာ ကလေးက တစ်ယောက်ထဲပဲ ဆော့ဆော့ ကင်းမြီးကောက်ပဲ ထောင်ထောင် မျောက်ရှုံးအောင်ပဲ ဆော့ဆော့ ဆေးရောင်တွေ ကြိုက်သလောက်ခြယ် ဆရာမတို့ အနေနဲ့ အန္တရာယ်မဖြစ်စေဖို့လောက်သာ ဘေးကနေ ထိမ်းကျောင်းပေးသွားရမှာ ဖြစ်ပါတယ်။


(၂) ရည်ရွယ်ချက်နဲ့ ကစားခြင်း

ကစားနေရင်း သင်ယူတတ်ဖို့ အာရုံစူးစိုက် တတ်စေဖို့ အလုပ်တစ်ခုကို အစအဆုံးပြီးမြောက်အောင် လုပ်ဆောင်တတ်စေဖို့အတွက် ရည်ရွယ်ချက်ပါတဲ့ ကစားနည်းတစ်ခုကို ကစားစေရမှာ ဖြစ်ပါတယ်။

ဒီကစားနည်းတွေအတွက် ဆရာက လမ်းညွှန်ပြသပေးတာမျိုး ထိမ်းညှိပေးတာမျိုးတွေ အတူတကွ ပူးပေါင်းလုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

သက်မှတ်ထားတဲ့ ကစားနည်းရဲ့ ရည်ရွယ်ချက်ဆီရောက်အောင် ကြိုတင်စီစဉ်ထားတဲ့ ဘောင်ထဲကနေ ဆရာအနေနဲ့ ကလေးတွေ ရည်ရွယ်ချက်ဆီ လိုက်ပါလာအောင် မသိမသာ ဆွဲခေါ်သွားရမယ့် ကစားခြင်းမျိုး ဖြစ်ပါတယ်။


(၃) စနစ်တကျ စီစဉ် ကစားခြင်း

ညွှန်ကြားချက်ကို လိုက်နာတတ်စေဖို့

အစုအစည်းနဲ့ ပူးပေါင်းလုပ်ကိုင်တတ်စေဖို့

ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ပြုမူတတ်စေဖို့

စနစ်တကျ လုပ်ကိုင်တတ်စေဖို့ကို ရည်ရွယ်တဲ့ ကစားနည်းဖြစ်တယ်။

ဒီကစားနည်းမှာ တိကျတဲ့ စည်းမျည်းစည်းကမ်းတွေ အပြင် တာဝန်ယူမှုအပိုင်းကို ရင်းနှီးကျွမိးဝင်နေစေဖို့ ဖြစ်တယ်။


ကစားနည်းတွေက ကာလ ဒေသကိုလိုက်ပြီး နည်းစနစ်နဲ့ ပြုမူပုံတွေ ကွဲပြားနေနိုင်ပါတယ်။ 

မိမိတာဝန်ကျရာ ဒေသရဲ့ ကစားနည်းတွေထဲက ဘယ်ကစားနည်းကတော့ဖြင့် ဘယ်လိုအကျိုးသက်ရောက်မှု  ရှိစေတယ် ဘယ်လိုဘယ်လောက် ပြုပြင်ပြောင်းလဲပေးလိုက်ရင် ကလေးရဲ့ ဘက်စုံဖွံဖြိုးမှုကို ဖြစ်စေလဲဆိုတာ သိပြီး ပြောင်းလဲသင်ကြား ပေးနိုင်ရမှာဖြစ်တယ်။


စာသင်ဖို့ ကျောင်းလာထားတာ ဘာလို့ ကစားနေတာလဲဆိုတဲ့ အမြင်တွေ ရှိလာခဲ့ရင် ဆရာ ဆရာမတွေအနေနဲ့ အတတ်နိုင်ဆုံး ရှင်းပြပေးသင့်သလို 

နဂိုထဲက နက်ဂတစ်အမြင်မျိုးနဲ့ မေးလာခဲ့ရင်တော့ ...


တစ်ခါက တောင်တက်သမား တစ်ယောက်ကို ခင်ဗျားကလဲ ဘာလို့အဓိပ္ပါယ်မရှိ ဒီတောင်တွေကို တတ်နေရသလဲလို့ မေးတဲ့အခါ

'' တက်စရာ တောင်တွေ ရှိနေလို့ပါ'' လို့ ဖြေသလို


စာသင်ဖို့ ကျောင်းလာထားတာ ဘာလို့ ကစားနေတာလဲလို့ မေးလာခဲ့ရင်

''ကစားစရာတွေရှိလို့ ကစားနေတာပါ'' လို့ပဲ ဖြေလိုက်ပါတော့ဗျာ ...


🌸 (  ၅ )


KG ကလေးများနှင့် သင့်လျော်သော 

ကစားနည်း ၇ နည်း 

-------------------------------------------------------------

၁။ စူးစမ်းရှာဖွေလေ့လာသင်ယူမှုဆိုင်ရာ ကစားနည်း 


 ကလေးများ၏ အာရုံ ၅ ပါး ကောင်း မကောင်းကို လေ့လာသိရှိစေဖို့အပြင် ၄င်းအာရုံများကို အသုံးချ၍ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာတတ်စေတဲ့ အလေ့အကျင့်ကို ရှိစေဖို့ ရည်ရွယ်တယ်။

ဥပမာ 

တူရိယာတီးပြ၍ အသံကိုနားထောင်စေကာ မည်သည့် တူရိယာဖြစ်ကြောင်း ခန့်မှန်းခိုင်းခြင်း

မျက်နှာ အဝတ်စည်း အသံပေး၍ဖမ်းခိုင်းပြီး မိလျှင် မျက်နှာကို စမ်းသပ်၍ လူကို ခန့်မှန်းခိုင်းခြင်း (ဘုတ်တလုတ် တောက်တဲ့ ကစားနည်း) 


၂။စိတ်ကူးယဉ်ဟန်ဆောင်ကစားနည်း 


လက်တွေ့နယ်ပယ်မှာ လိုက်လျောညီထွေပြောဆို ဆက်ဆံတတ်ဖို့ ၊

လက်တွေ့ဘဝကိုအတုယူပြီး စိတ်ကူးယဉ်ပုံဖော်တတ်ဖို့ အလေ့လာအမှတ်အသား များစေဖို့တို့ကိုရည်ရွယ်တယ်။

ဥပမာ

ဆရာမလုပ်တမ်း 

ဆရာဝန်လုပ်တမ်း 

အလှူပွဲ 

စျေးရောင်းတမ်း 

စစ်တိုက်တမ်း ကစားနည်းတို့ ဖြစ်တယ်။


၃။ တစ်ဦးတည်းကစားနည်း


တစ်ဦးချင်းစွမ်းရည် ဖော်ထုတ်ရန်၊

မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေရန် လွတ်လပ်စွာဖန်တီးတတ်စေရန် စိတ်ကူးညာဏ်ရင့်သန်စေဖို့တို့ကို ရည်ရွယ်တယ်။

ဥပမာ 

သဲအိမ်ဆောက်ခြင်း ၊လက်ချောင်းပန်းချီဆွဲခြင်း ၊စက္ကူအရုပ်ခေါက်ခြင်း၊ တည်ဆောက်ပစ္စည်းများပေး၍တည်ဆောက်စေခြင်း၊ တည်ဆောက် ကစားခြင်း ၊လက်မှုအနုပညာလုပ်ငန်းများ ပြုလုပ်စေခြင်းတို့ ဖြစ်တယ်။


 ၄။အပြိုင်ကစားနည်း 


self study လုပ်တတ်ဖို့ 

မှီငြမ်း၍ ကိုယ်ပိုင်ပုံစံပြန်လည် ဖန်တီးတတ်ဖို့ အခြားသူများ ကစားသည်ကို စောင့်ကြည့်၍ မည်သို့ ကစားသည်ကို သင်ယူတတ်ဖို့ ယှဉ်ပြိုင်နိုင်စွမ်းစိတ်ဓါတ် အားကောင်းလာစေဖို့တို့ကို ရည်ရွယ်တယ်။

ဥပမာ 

တည်ဆောက်ပစ္စည်းများ အညီအမျှခွဲပေး၍ အပြိုင်တည်ဆောက်စေခြင်း 

အံသွင်း ကစားစရာများဖြင့် အပြိုင်ကစားစေခြင်း 


၅။ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးမှုကို အားပေးသော ကစားနည်း 


ခေါင်းဆောင်စိတ် အများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေဖို့ အနုပညာစိတ်ဓါတ် ကိမ်းအောင်းစေဖို့တို့ကို  ရည်ရွယ်တယ်။

ဥပမာ 

လိုက်တမ်းပြေးတမ်း 

ရွှေစွန်ညို 

ဝက်ဝံကြီး

မီးရထား 

Spy ရှာ 


၆။ ကိုယ်ခန္ဓာတက်ကြွစွာ လှုပ်ရှားမှုလုပ်ရသော ကစားနည်းများ 


ဟန်ချက်ထိန်းညှိတတ်စေဖို့ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့တို့ကို ရည်ရွယ်တယ်။

ဥပမာ

တွယ်တက် ၊တွားသွား ၊ဒန်းစီး ၊ ပြေးခြင်း၊ခြေတစ်ပေါင်ကျိုး ခုန်ခြင်း


၇။ပူးပေါင်းပါဝင်ကစားခြင်း


အများနှင့်ပူးပေါင်းဆောင်ရွက်လျှင် အလုပ် မြန်မြန်ပြီးမြောက်ကြောင်း သိရှိ၍ စီမံခန့်ခွဲတတ်စေဖို့ စုပေါင်းဆောင်ရွက်တတ်တဲ့စိတ်ဓါတ် ဖွံဖြိုးလာစေဖို့ တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီတတ်စေဖို့တို့ကို ရည်ရွယ်တယ်။

ဥပမာ

တီထွင်ဖန်တီးမှု ပန်ချီများ စုပေါင်းဆွဲစေခြင်း 

အရုပ်ဆက်ခြင်း 


🌸 (၆)


ပေါင်းသင်းဆက်ဆံရေး အနုပညာဓါတ်ခံ ရှင်သန်ဖွံဖြိုးရေးတို့ကို အထောက်အကူပြုစေမယ့် 

" ခေါင်းဆောင်ဝှက်မယ် လိုက်လို့ရှာ spy ကစားနည်း --------------------------------------------------------------

spy ကစားနည်း စည်းမျဉ်း


ကစားမည့် အုပ်စုထဲမှ spy လုပ်ရမည့် ကလေး တစ်ယောက်ကို ရွေးချယ်ပါ။ ပြီးရင် အုပ်စုနဲ့ဝေးရာမှာ ခဏနေစေပြီး အုပ်စုတွင်းမှ ကလေးတစ်ယောက်ကို leader အဖြစ် ရွေးချယ်ပါ။ 


ပြီးနောက် အုပ်စုရဲ့အလယ်မှာ spy အဖြစ် ရွေးထားတဲ့ကလေးကိုထားပြီး အုပ်စုထဲက leader အဖြစ်သတ်မှတ်ထားတဲ့ ကလေးကို spy ကလေးက ရှာဖွေပေးရမှာ ဖြစ်ပါတယ်။ 


ရှာဖွေနေစဉ်အတွင်း  အုပ်စုကလေးများ အားလုံးက " leader leader action change " ဆိုတဲ့ သီချင်းကို ထပ်ကာထပ်ကာ သီဆိုပြီး spy ကလေးမှ leader ကလေးအား ရှာဖွေရ ခက်စေရန်အတွက် မိမိကိုယ်တိုင် leader ဖြစ်သယောင် မျက်နှာအမူအရာ လုပ်ပြကြရမှာ ဖြစ်ပါတယ်။


spy ကလေးက အုပ်စုထဲရှိ leader ကို ဖော်ထုတ်နိုင်ခဲ့ရင်တော့ အဲဒိ အမိခံရတဲ့ leader က spy အဖြစ် ပြန်လည်လုပ်ဆောင်ပြီး ကစားပွဲကို ပြန်လည်စတင်ရမှာ ဖြစ်ပါတယ်။


ဒီကစားနည်းက ကလေးတွေကို အုပ်စုနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေနိုင်မယ့်အပြင် ကစားနည်းရဲ့ သဘောသဘာဝအရ ဘယ်ကလေးကတော့ စုပေါင်းကစားနည်းတွေမှာ အားနည်းနေသလဲဆိုတာ သေချာစောင့်ကြည့် အကဲဖျက်နိုင်မှာ  ဖြစ်ပါတယ်။ 


ဒါ့အပြင် ကလေးတစ်ယောက် သူ့ပတ်ဝန်းကျင်ရဲ့ အနေအထားအရ အနုပညာမျိုးစေ့ ပါလာခြင်းတွေ သိမ်ငယ်စိတ်တွေ ကြမ်းတမ်းခြင်းတွေ အစုအဝေးနဲ့ မနေတတ်ခြင်းတွေ တီထွင်ဖန်တီးမှုရှိခြင်း မရှိခြင်းတွေကို ကစားနည်းတွေကတစ်ဆင့် လေ့လာစောင့်ကြည့်ရင်း အားသာချက် အားနည်းချက်တွေကို စစ်မှန်တဲ့ ရျေရှည်ဖွံဖြိုးမှုဆီရောက်အောင် ကလေးတစ်ယောက်ရဲ့ ပတ်ဝန်းကျင်အပေါ်ထားရှိတဲ့ ကောင်းမွန်တဲ့စိတ်အခြေအနေဖြစ်အောင်  စိတ်လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်လို့ ခံစားနားလည်တတ်လာအောင်ထိ ဆရာ ဆရာမတို့အနေနဲ့ ကစားနေတဲ့ ကလေးတွေကို သေချာစောင့်ကြည့်ရင်း ထိမ်းကြောင်းပေးသွားရမှာ ဖြစ်ပါတယ်။


#crdtooriginalwritter



Comments

Popular posts from this blog

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ

G12စနှစ်သစ်မေးခွန်းပုံစံ