စကားကြီး ၁၀ မျိုး
စကားကြီး ၁၀ မျိုး
မြန်မာမှု နယ်ပယ်၊ စကားပြောသည့်အရာတွင် ကျွမ်းကျင်လိမ္မာစေရန် နည်း အမျိုးမျိုးတို့ကို စကားကြီးဆယ်မျိုးဟူ၍ မြန်မာစာ၌ ခွဲခြားသတ်မှတ်ထားသည်။
ထိုဆယ်မျိုးမှာ -
'ရေကူးညာတင်၊
ကောက်ပင်ရိတ်လှီး၊
ရေစီးဖောင်ဆန်၊
အိုးတန်ဆန်ခပ်၊
ဆီပွတ်ကျည်ပွေ့၊
ဆင်ဝှေ့ရန်ရှောင်၊
တောင်သူယာခုတ်၊
ကြက်ဆုတ်ခွပ်ပစ်၊
ရေစစ်ကရား၊ ရေသွားသည့်သွင်၊
ခက်တင်မောင်းနင်း၊ ဆိုခြင်း စကား
ဤ ၁ဝပါး'ဟူ၍ ခွဲခြားသတ်မှတ်ထားသည်။ ၎င်းတို့၏ အမည်အပြည့်အစုံမှာ-
#ရေကူးညာတင်စကား- လိုရာဆိပ်ကမ်းကို ရေညာကတင်၍ကူးမှရောက်သကဲ့သို့ မိမိလိုရာရောက်အောင်ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း။
#ကောက်ပင်ရိတ်လှီးစကား- ကောက်ပင်ကို လက်တစ်ဘက်ဖြင့် မြဲမြံစွာဆုပ်၍ တံစဉ်ဖြင့်အရင်းကရိတ်ဖြတ်လျှင်လက်တွင်ရှိသမျှစပါးကိုရသကဲ့သို့ သူဆိုသောစကား မိအောင်ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း။
#ရေစီးဖေါင်ဆန်စကား- လိုအင်ဆန္ဒ ရှိသမျှသောအရာဝတ္ထုတို့ကို ဖေါင်တွင်တင်၍ ဖြည်းညှင်းစွာဆန်တက် သွားလျှင် လိုအင်ကိစ္စပြီးသကဲ့သို့ ခြေသိမ်း ခေါင်းပိုက် ပမာ ပမည်းဟပ်စပ်၍ ပြီးပြတ်အောင်ပြောဆိုခြင်း။
#အိုးတန်ဆန်ခတ်စကား- အိုးနှင့်ဆန် တန်ရုံထည့်၍ချက်လျှင် ကောင်းစွာကျက်နပ်သကဲ့သို့ ကိုယ်နှင့်ဂုဏ်အင်တန်ရုံ မယုတ်မလွန်ပြောဆိုခြင်း။
#ဆီပွတ်ကျည်ပွေ့စကား- ကျည်ပွေ့ဖြင့် အကြိမ်ကြိမ်အထပ်ထပ်ဆီပွတ်လျှင် ဆီထွက်၍ မိမိလိုဘတ်ကိစ္စပြီးသကဲ့သို့ လိုရာကိစ္စပြီးစေခြင်းငှာ ထိုစကားကိုပင်အထပ်ထပ်ပြောဆိုခြင်း။
#ဆင်ဝှေ့ရန်ရှောင်စကား- ဆင်ထိုးဝှေ့မည်လိုက်လျှင် တိမ်းရှောင်ဖယ်သွေလွတ်ရာ၌ ပြေးလွှဲကာနေရသကဲ့သို့ကိုယ့်ထံသို့ရောက်မည့်စကားကို ရှောင်လွှဲ၍ပြောဆိုခြင်း။
#တောင်သူယာခုတ်စကား- တောင်သူလယ်သမားတို့သည် မိမိတို့တည်ခုတ်မည့် လယ်ယာမြေကွက်၌ရှေးဦးစွာခြုံပိတ်ပေါင်းနွယ် သစ်ပင်ငယ်တို့ကို ခုတ်ထွင်ရှင်းလင်းပြီးမှသာ သစ်ပင်ကြီးတို့ကို ခုတ်ထွင်ဖိလှဲသကဲ့သို့ စကားငယ်ကိုပြောဆိုပြီးမှ စကားကြီးကိုဖိစီး၍ပြောဆိုခြင်း။
#ကြက်ဆုတ်ခွပ်ပစ်စကား- ကြက်ခွပ်ရာ၌ နောက်ဆုတ်ဟန်ပြု၍ခွပ်မှသာ ခွပ်ပစ်သကဲ့သို့ သူ့စကားအလိုသို့ လိုက်တန်ကလိုက်၍ စီးသာမှစီးလျက် ပြီးပြတ်အောင်ပြောဆိုခြင်း
#ရေစစ်ပမာစကား- ဓမ္မကရိုဏ်ခေါ် ရေစစ်ကိုရေတွင်နှစ်ကာ ပြည့်မှအပေါက်ကို ပိတ်၍ဆွဲယူလိုက်လျှင် ရေမထွက်နိုင်သကဲ့သို့ သူတစ်ပါးပြောဆိုခွင့်မရအောင် ပိတ်ဆို့၍ပြောဆိုခြင်း။
#ခက်တင်မောင်းနင်းစကား- မောင်းနင်းသောသူသည် တစ်ဘက်လိုက်ပါတိမ်းစောင်းလွန်းလျှင် အတင်ခက်၍ မတိမ်းမစောင်းနင်းရသကဲ့သို့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မတင်မကျပြောဆိုခြင်း။
Myanmar wikipedia မှ ကူးယူဖော်ပြသည်။
Comments
Post a Comment