သူရဲကောင်း ကုလားညီနောင်
သူရဲကောင်း ကုလားညီနောင်
သထုံပြည်ဝယ် သင်္ဘောပျက်လေသော ကုလားညီနောင် နှစ်ယောက်တို့သည် ပျဉ်တချပ်ကို စီး၍ သထုံပြည်သို့ ရောက်လာ၏။ ထိုကုလား ညီနောင် သထုံပြည်သို့ ရောက်လျှင် သထုံမင်း ဆရာတော်တွင် ဝင်၍ မြဲစွဲကြလေ၏။ ထိုဘုန်းတော်ကြီးလည်း ကုလားငယ်ညီနောင်တို့ကို ချစ်ကြည် လေးမြတ်တော်မူ၍ အပါးတွင် မပြတ်စေပါးတော်မူ၏။
တရံရောအခါ ကုလားငယ်ညီနောင်ကို ခေါ်၍ တောသို့ ဆေးမြစ်တူးလိုသောငှါ သွားလေ၏။ တောသို့ ရောက်လျှင် ဝိဇ္ဇာဓိုရ် ဇော်ဂျီကောင် တခုသည် အချက် အရာနှင့် သေသည်ကို တွေ့လေ၏။ သထုံမင်း ဆရာတော် ဘုန်းကြီးလည်း ပိဋကတ် ဗေဒင် ဆေးဝါး မန္တရားတို့ကို အပြီးတိုင်အောင် တတ်တော်မူသည်နှင့် ဇော်ဂျီကောင်ကို မြင်လျှင် ဤသို့ မိန့်တော်မူ၏။
ဤဇော်ဂျီကောင်ကို ဖုတ်ကင် ချက်ပြုတ်၍ စားရသည်ရှိသော် အနာမျိုး ပျောက်၍ အသက်ခန္ဓာ မြင့်မြဲစွာ ရှည်၏။ ဆယ်ရက် သွားရသော ခရီးကို နေ့ချင်းရောက်နိုင်သော အစွမ်းရှိ၏။ အချိန်တထောင်ရှိသော ဝန်ကို ရွက်ဆောင်နိုင်သော အစွမ်းနှင့် ပြည့်စုံ၏။ ဆင်ပြောင်ကိုသော်လည်း အစွယ်ကို ကိုင်၍ လှည်းနိုင်သော စွမ်းအားနှင့် ပြည့်စုံ၏။
ယင်းသို့ မပြုမူ၍ ဤဇော်ဂျီကောင်ကို ဆေးဖြင့် စိမ်ရသည် ရှိသော် အသက်ရှည်သ၍ ထိုဇော်ဂျီ၏ကျေးဇူးကို နင်တို့ ငါတို့မှီ၍ အကျိုးများစွာ ခံရလတ္တံ့။ ယင်းသို့ဖြစ်သောကြောင့် ဇော်ဂျီကောင်ကို နင်တို့ နှစ်ယောက် ထမ်းဆောင်ခဲ့။ ကျောင်းသို့ ရောက်မှ ဆေးဝါးရုံးစု၍ ငါစီရင်မည်- သထုံမင်းဆရာတော် ဘုန်းကြီးဆိုလျှင် ကုလားညီနောင်တို့လည်း ထိုဇော်ဂျီကောင်ကို ထမ်းဆောင်ခဲ့၏။
ဇော်ဂျီကောင်တို့၏ သဘောသည်ကား အသက်မရှိလျှင် ပကတိလူ ခုနစ်လသားခန့် ပမာဏ ရှိသော ဟူ၏။ အဗ္ဘန္တရသရက်သီး၊ ဇမ္ဗုသပြေသီးတို့ကိုသာ စားသောကြောင့် ဇော်ဂျီကောင်တို့၏ အနံ့သည်ကား ငှက်ပျောနံ့သာပု အနံ့ကဲ့သို့ အလွန် မွှေးကြိုင်၏။ ကျောင်းသို့ ရောက်လျှင် ကောင်းစွာ သိုထားလေ၏။
တရံရောအခါ သထုံမင်းဆရာ မင်းကြီးနန်းတော်သို့ သွားလေသည့်နောက်ကို ကုလားငယ် ညီနောင်တို့သည် ထိုဇော်ဂျီကောင်ကို ဖုတ်ကင်၍ စားကြလေ၏။ ယင်းသို့ စားရလျှင် ကုလားညီနောင်တို့လည်း - ငါတို့ ဆရာ ဆုတိုင်းမှန် မမှန်ကို စမ်းရစေ-ဟူ၍ အလျားဆယ်တောင် အနံရှစ်တောင် ရှိသော ကျောက်ဖျာကို ညီနောင်နှစ်ယောက် ချီနိုင်၍ ကျောင်းလှေခါးရင်းတွင် ထားလေ၏။ သထုံမင်းဆရာတော် နန်းက ပြန်လာ၍ ကျောက်ဖျာကို မြင်လျှင် ကုလားငယ်ညီနောင်တို့သည် ဇော်ဂျီကောင်ကို ဖုတ်ကင်စား၍ ထိုကျောက်ဖျာကို ချီကြွ၍ ထားသည် ဖြစ်မည် အမှတ်ရှိ၍ မေးလေ၏။ ကုလားငယ်ညီနောင်တို့လည်း- ကြှနျုပျတို့ စားပေသည်-ဟူ၍ လျှောက်၏။ သထုံမင်းဆရာတော်လည်း ခပ်မဆိတ်နေလေ၏။
ထိုနေ့မှစ၍ ကုလားငယ်ညီနောင်တို့လည်း ဆင်ပြောင်ကြီး အားနှင့် တူသောအားကို ဆောင်ကုန်၏။ ရှည်လတ်သော် သထုံမင်းလည်း ခန့်ညားရွံရှာတော်မူ၍ ကုလားငယ်ညီနောင်ကို ဖမ်းရ၏။ အစ်ကိုမူကား မယားအိမ်တွင် အိပ်ပျော်ခိုက်ဖြစ်၍ ဖမ်းမိလျှင် သတ်ရလေ၏။ ညီမူကား သထုံပြည်က ပြေးထွက်၍ ပေါက္ကာရာမသို့ ရောက်လာ၍ အနော်ရထားမင်းစောဝယ် ဝင်၍ ခစားလေ၏။
အနော်ရထာ မင်းစောလည်း ရောက်လာသော ကုလားငယ်ကို ပုပ်ပါးသို့ စံကားပန်းယူ တနေ့ ဆယ်ခေါက် စေတော်မူသည်။ ရောက်နိုင်သောဟူ၏။
မဟာရာဇဝင်ကြီး
(ရွှေသွေးဂျာနယ်များပေ့ချ်မှ စတုတ္ထတန်းမြန်မာဖတ်စာ(ဦးဝန်နှင့် ဉီးဘရေးသည်)စာအုပ်ကို ပြန်လည် စာစီစာရိုက်သည်။)
ကလေးတ္ထုနှင့် ပုံပြင်များစုစည်းမှုပေ့ချ်မှ စာစီ၍ ပြန်လည်မျှဝေသည်။ စာစီအမှားများ ပါခဲ့လျှင် ကျွန်တော် ၏ ညံ့ဖျင်းမှုသာဖြစ်ပါသည်။
Comments
Post a Comment