Sex Education ကို ဘယ်က ဘယ်လိုစပြောရမလဲ မသိဘူးဆိုတဲ့ မိဘတွေအတွက်ပါ။
Sex Education ကို ဘယ်က ဘယ်လိုစပြောရမလဲ မသိဘူးဆိုတဲ့ မိဘတွေအတွက်ပါ။
ပထမဦးဆုံးတစ်ချက် - အဲဒီအကြောင်းပြောဖို့ စောလွန်းတယ် နောက်ကျ လွန်းတယ်ဆိုတာ မရှိပါဘူး၊ မီသေးတဲ့ မိဘတွေက စကားနားလည်တဲ့ ၂နှစ်က စပြောနိုင်သလို ငါတော့ နောက်ကျပြီလား တွေးနေတဲ့ မိဘတွေကလည်း ကိုယ့်ကလေး ဘယ်အသက်ဖြစ်ဖြစ် (၁၄/၁၅ ဖြစ်ဖြစ်) စပြောလို့ရပါတယ်
တခြားမှာ အများကြီးလိုက်ဖတ်လို့ရတာမို့ အတိုချုပ်ပြောရရင် ၂ချက်ပါ (၂နှစ်ကနေ ၇နှစ် / ၈နှစ်ကလေးတွေအတွက်ပါ)
၁) တစ်ကိုယ်ရည်ဆိုင်ရာ အင်္ဂါတွေ အကြောင်း ပြောပြပါ
၂) မိမိ ခန္ဓာကိုယ် မိမိသာ ပိုင်ကြောင်းပြောပါ
ဒီ၂ချက်ပါပဲ
၁) တစ်ကိုယ်ရည်ဆိုင်ရာ အင်္ဂါတွေ (private parts) အကြောင်း ပြောပြပါ
ဒီနေရာမှာ နိုင်ငံတကာမှာတော့ အတတ်နိုင်ဆုံး အခေါ်အဝေါ်တွေကို မူရင်းအတိုင်းသုံးဖို့ အားပေးကြပါတယ်၊ ဆိုလိုတာက vagina ကို မွေးလမ်းကြောင်း၊ Penis ကို လိင်တံ စသဖြင့် သုံးဖို့ပါ၊ ဘာဖြစ်လို့ နာမည်အမှန်ပဲ သုံးခိုင်းရလဲဆိုရင် ဒါမှ သူတို့ဟာ ဒီစကားလုံးတွေကို တခြားမှာ တွေ့ရင် သူတို့ရဲ့ တစ်ကိုယ်ရည်ဆိုင်ရာအင်္ဂါတွေ ဖြစ်ကြောင်းသိမှာမို့ပါ
ဒါပေမဲ့ ကျွန်မတို့ မြန်မာပြည်မှာက အခုမှစလုံးရေးစနေတဲ့ အချိန်ဆိုတော့ မိဘတွေ အဲလိုသုံးနှုံးရမှာ ဝန်လေးမှာ နားလည်ပါတယ်၊ နာမည်ပြောင်တွေ (ပိပိ၊ဂျိူဂျိုးစသဖြင့်) သုံးပြီးသင်လည်းရပါတယ်၊ အဓိကက အဲဒါတွေဟာ ရွံစရာ၊ ကြောက်စရာအဖြစ် မမြင်သွားစေဖို့ပါပဲ
ဒါကြောင့် တခြားကိုယ်ခန္ဓာအင်္ဂါရပ်တွေအကြောင်းပြောရင် ဒါကတော့ ဘယ်လိုခေါ်တယ် စသဖြင့် ပြောသွားပေးလို့ရပါတယ်။
"ဒါလေးကတော့ ဗိုက်၊ ဒါလေးက ချက်၊ ဒါလေးက ဆီးခုံ၊ ဒါလေးက ပိပိ" စသဖြင့် ပြောပြလို့ရပါတယ်၊ အဓိကက ပြောပြတဲ့ အုပ်ထိန်းသူကိုယ်တိုင်က အဲဒီအင်္ဂါတွေနားရောက်ရင် ရှိုးတိုးရှန့်တန့်မဖြစ်ဖို့၊ ဟီးဟီးဟားဟားမဖြစ်ဖို့ပါ
ဘာမှ မမြင်မကြားဖူးတဲ့ ကလေးတွေက ကျွန်မတို့ အစိုးရကျောင်းတွေမှ bio မှာ reproduction စသင်ရင် တခိခိဖြစ်သလို မဖြစ်နေပါဘူး၊ ပုံမှန်အင်္ဂါရပ်လို့ပဲ သင်ပေးရင် ပုံမှန်အင်္ဂါလို့ပဲ သဘောထားမှာပါ
ဒါပေမဲ့ ပုံမှန်အင်္ဂါထဲမှာမှ တစ်ကိုယ်ရည်အင်္ဂါဖြစ်ကြောင်း နားလည်စေရပါမယ်၊ private parts are supposed to be private တစ်ကိုယ်ရည်အင်္ဂါတွေဟာ ကိုယ့်တစ်ကိုယ်ရည်နဲ့ပဲဆိုင်တယ်ဆိုတာကို ပြောပြရမှာပါ၊
၂) မိမိ ခန္ဓာကိုယ် မိမိသာ ပိုင်ကြောင်းပြောပြပါ
Sex education ဟာ လိင်မဆက်ဆံဖို့ ဒါမှမဟုတ် လိင်ဆက်ဆံဖို့ သင်ပေးတာ မဟုတ်ပါဘူး၊ ကိုယ့်ခန္ဓာကိုယ်ရဲ့ သဘောသဘာဝကို ပြောပြတာပါ
ကလေးတွေကို အထူးသဖြင့်သိသာစေရမှာက သူတို့ခန္ဓာကိုယ်ကို သူတို့ပဲ ပိုင်တယ်ဆိုတာပါ၊ ဒါမှ အရွယ်ရောက်တဲ့အခါ လိင်ဆက်ဆံခြင်းဟာ ရွံစရာ/ရှက်စရာ နဲ့ အမြတ်ထုတ်စရာဆိုတဲ့ အစွန်း၂ဖက်က လွတ်မှာပါ
- တစ်ကိုယ်ရည်အင်္ဂါတွေကို မေမေ/ဖေဖေက သန့်ရှင်းရေး လုပ်ပေးတဲ့ အချိန်ကလွဲပြီး ဘယ်သူ့ကိုမှ ပေးမထိရဘူး (ဆေးခန်းပြရင် ဆရာဝန်က လိုအပ်ရင် ထိလို့ရတယ်၊ ဒါပေမဲ့ မေမေနဲ့ ဖေဖေ အနားရှိမှ)
- ဘယ်သူ့ကိုမှ မပြရဘူး
- ဓာတ်ပုံအရိုက်မခံရဘူး (ဒါလည်း ဒီဘက်ခေတ်မှာ ထည့်ပြောဖို့ အရေးကြီးတဲ့ တစ်ချက်ပါ)
- သူများရဲ့ တစ်ကိုယ်ရည်အင်္ဂါတွေကိုလည်း လိုက်မထိရဘူး (မိဘ တော်တော်များများက ဒီအချက်ကို ပြောဖို့မေ့ကြတယ်လို့ သုတေသနတွေက ပြောပါတယ်)
- ဒါနဲ့ပတ်သက်တာ တစ်ခုခုဆို မေမေ့ကို/ဖေဖေ့ကို ပြန်ပြောပြလို့ရတယ်၊ ဘာအကြောင်းဖြစ်ဖြစ် ပြောလို့ရတယ်
ဒီ၅ချက်ကိုပဲ အလျဉ်းသင့်သလို ပြောပြပေးသွားလို့ရပါတယ်၊ ကျွန်မဖတ်မိတဲ့အထဲ သဘောကျတဲ့ တစ်ချက်က ဒီအကြောင်းတွေ ပြောပြီးတိုင်း မေးခွန်းမေးပေးပါတဲ့၊ မေးရမှာက
"သားသားခန္ဓာကိုယ်ကို ဘယ်သူပိုင်လဲ"
"မီးမီးခန္ဓာကိုယ်ကို ဘယ်သူပိုင်လဲ" စသဖြင့်ပါ
သူတို့အနေနဲ့
"သားသားခန္ဓာကိုယ်ကို သားသားပဲ ပိုင်တယ်"
"မီးမီးခန္ဓာကိုယ်ကို မီးမီးပဲ ပိုင်တယ်" ဆိုပြီး ပြန်ဖြေတတ်အောငိ သင်ပေးရမှာပါ
ဒီလိုမျိုး sex edu အကြောင်းပြောတိုင်း ဒီမေးခွန်းလေးနဲ့ အဆုံးသတ်ရင် သူတို့ရဲ့ တစ်ကိုယ်ရည်အင်္ဂါတွေကို သူများလာထိရင် ခံနေဖို့ တအားခဲယဉ်းသွားပါပြီ။
#crd
Comments
Post a Comment